မအူပင် ၁၆ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အောက်ထုံးကျေးရွာ တာမိုင် ၂၄ မိုင် ၆ဖာလုံ နေရာတွင် ရာဇူတိုင်မြစ်ရေ မြင့်တက်တိုက်စားမှုကြောင့် အောက်ထုံး ကျေးရွာအနီးတွင် အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက အလျား(ပေ ၁၀ဝ) အနံ (ပေ ၄၀) ကမ်းပါးပြိုကျမှုကြောင့် ရေကာတာ၏ မြစ်ဘက်တာထိပ်မျက်နှာပြင် ၅ ပေခန့် အထိ ပြိုကျခဲ့ကြောင်း သိရသည်။
ယခုအခါ ရာဇူတိုင်မြစ်ရေမှာ ၁၃ ပေခန့်ရှိပြီး အောက်ထုံးကျေးရွာ၏ စိုးရိမ်ရေ မှတ်မှာ (၁၅ပေ)ခန့် ဖြစ်သဖြင့် မြစ်ရေဆက်လက်တက်ပါက စိုးရိမ်ရသည့် အခြေအနေ မရှိသောကြောင့် ကမ်းပြိုသည့် နေရာတွင် Geotexil ချခြင်း၊ ရေကာတာ၏ ကွင်းဘက်တွင် သဲအိတ်ဖြည့် တုတ်တန်းရိုက်ခြင်း၊ တာတမံ၏ မြစ်ဘက်ကမ်းပြိုကျ သည့်နေရာတွင် ဝါးဖောင်ဖွဲ့ခြုံချခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာ ဌာနဆိုင်ရာနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာသို့ မအူပင်မြို့နယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးဇော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး အဆိုပါ ရေကာတာ ကျိုးပေါက်မှုကြောင့် လူ၊တိရိစ္ဆာန်နှင့် အဆောက်အဦ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)


