မန္တလေး၁၆ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်သည် စိတ်ဝင်စားစရာများစွာ တည်ရှိနေသော ဒေသပင်ဖြစ်သည်။ ပုသိမ်ကြီးမှာ ပုဂံခေတ် အနော်ရထာမင်း လက်ထက်ကပင်ရှိခဲ့သော ဒေသပင်ဖြစ်သည်။ ဧရိယာအကျယ်အဝန်း ၂၃၁ ဒသမ ၈၂ စတုရန်းမိုင်ရှိကာ အရှေ့ဘက်တွင် ရှမ်းရိုးမတောင်ကုန်းတောင်တန်းများ ကာစီးထားသည့် လှပသောနေရာပင် ဖြစ်သည်။ ပတ်ဝန်းကျင်တွင် တောင်တန်းများစွာ၊ သဘာဝလိုဏ်ဂူများစွာ၊ ရေထွက်များစွာ တည်ရှိသည်။
ကြိုးဝိုင်းသစ်တော ၃၃၃၄၄ ဧက၊ ကြိုးပြင်ကာကွယ်တော ၄ဝ၅၄ ဧကရှိပြီး သဘာဝအလှအပတို့ဖြင့် ဝန်းရံထားသော ဒေသပင်ဖြစ်သည်။ လှပသော ပုသိမ်ကြီးနယ်တွင် ထင်ရှားသော တောင်တန်းကြီးများတည်ရှိကာ တောင်တစ်တောင်စီတွင် ထူးခြားမှုအသီးသီးရှိနေသည်။ ထိုတောင်များမှာ ဟင်္သာဂူတောင်၊ ထူးမတောင်၊ မြေနီတောင်၊ ဗြဲတောင်၊ ရေတံခွန်တောင်၊ ဆေးသဲ့တောင်နှင့် အခြားတောင်များပင်ဖြစ်သည်။
ထိုတောင်များတွင် ဆေးသဲ့တောင်နှင့် သုံးပေါက်ဂူမှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်နေသည်။ ဆေးသဲ့တောင်ထိပ်တွင် မြတ်အင်းတော်သစ္စာတည်ဘုရား တည်ရှိပြီး တောင်ပေါ်တွင် ပေါက်ရောက်နေသော ဘဘာဝသစ်ပင် ပေါက်ပင်များကြောင့် အလွယ်တကူ မဖူးမြော်နိုင်ပေ။ သစ္စတည်စေတီသည် တောင်ထိပ်တွင်ရှိပြီး ထူးခြားသော အဓိဋ္ဌာန် အောင်စေတီတစ်ဆူဖြစ်သည်။ ဆေးသဲ့တောင်ပေါ်တွင် အခြားတောင်များပတ်လည်ဝိုင်းကာ မြေပြန့်သဖွယ်ဖြစ်နေသော နေရာတွင် ထူးခြားသော သုံးပေါက်ဂူရှိသည်။ သုံးပေါက်ဂူမှာ ဂူသုံးပေါက်ရှိသည့်အတွက် သုံးပေါက်ဂူဟုခေါ်တွင်ခဲ့ပြီး ရှေးနှစ်ပေါင်းများစွာက တည်ရှိသော ထူးခြားသည့်ဂူပင်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၅ နှစ်ခန့်က စတင်ကာ ပြုပြင်မှုများပြုလုပ်ခဲ့သည်။ သုံးပေါက်ဂူကို မာဃသီတဂူ သာသနလိုဏ်ဂူ သုံးပေါက်ဂူဟုခေါ်တွင်ပြီး ဂူအနီးတွင် သုံးပေါက်ဂူ ဘုန်းတော်ကြီးကျောင်း တည်ရှိသည်။
သုံးပေါက်ဂူမှာ ဂူပေါက်သုံးပေါက်ရှိပြီး ကျောက်စက်ပန်းဆွဲများဖြင့် လှပစွာတည်ရှိသည်။ ပထမတွေ့ရသော လိုဏ်ဂူမှ လက်ယာဘက်ချိုးလိုက်သည်နှင့် ဒုတိယလိုဏ်ဂူကိုတွေ့နိုင်သည်။ ဒုတိယလိုဏ်ဂူတွင် နှစ်ကျိပ်ရှစ်ဆူဘုရား ရုပ်ပွားတော်များ ပူဇော်ထားသည်။ ဒုတိယဂူအနီးတွင် ပေ ၃ဝ ခန့်နက်ပြီး လူတစ်ကိုယ်စာသာဝင်နိုင်သည့် သဘာဝရေထွက် တည်ရှိသည်။
ဒုတိယဂူ၏ လက်ဝဲဘက်တွင် အထက်သို့တက်ကာ ပြန်ထွက်နိုင်သည့် တတိယဂူကို တွေ့ရသည်။ တတိယဂူတွင် သဘာဝနည်းဖြင့် နွံစစ်သည့်နေရာတစ်ခုရှိသည်။ မိုးရွာလျှင် တောင်အသီးသီးမှ ကျလာသော ရေများသည် သုံးပေါက်ဂူအတွင်းကျကာ ရေလမ်းကြောင်းအတိုင်း အခြားတောင်အောက်ခြေများအတွင်း ထိုးထွက်စီးဆင်းသွားသည်။ လက်ရှိကာလတွင် သုံးပေါက်ဂူအတွင်း လျှပ်စစ်မီးပူဇော်ထားသည်။ ယခင်က တောင်တက်လမ်းကြမ်းအတိုင်း တက်ရပြီး ၂ဝ၁၁ ခုနှစ်မှစကာ တောင်တက်ကွန် ကရစ်လှေကားလမ်းများ ပြုလုပ်ထားပြီး တောင်တက်လမ်းတွင် ထူးခြားစွာပြုလုပ်ထားသော လွမ်းမောပြေဘုရားစေတီ၊ ရေချမ်းစင် ကလေးများတည်ထားသည်။ ယခုအခါထူးခြားသော ဆေးသဲ့တောင်ပေါ်မှ သုံးပေါက်ဂူကို အလွယ်တကူ သွားရောက်လေ့လာ ဖူးမြော်နိုင်ပြီဖြစ်ကြောင်း သိရသည်။
တိမ်တမန်


