ဆေးလိပ်လို့ ဆိုလိုက်ရင် စီးကရက်တင်မကဘဲ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ တော်တော်များများက အလွယ်တကူ ဝယ်လို့ရနိုင်တဲ့ စီးကရက်ကို သောက်ကြပေမယ့် ဆေးပြင်းလိပ်မှ သောက်တာ၊ ဆေးပေါ့လိပ်မှ သောက်တယ်။ ဒါက စီးကရက်လောက် ကျန်းမာရေးကို မထိခိုက်စေ လောက်ဘူး လို့ ယူဆသူတွေရှိနိုင်ပါတယ်။ ဒီတော့ လက်ကနေ မချတမ်း အပြတ်ခဲနေတဲ့ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တွေက ကျန်းမာရေးကို တကယ်ပဲ စီးကရက်လောက် မထိခိုက်ဘူးလားဆိုတာကို သိနိုင်ဖို့ ဒီဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။
ဆေးပေါ့လိပ်ကို အရင်းစစ်ကြည့်သော်
ဆေးပေါ့လိပ်က ကျန်းမာရေးကို ဘယ်လို ထိခိုက်စေတယ်လို့ မပြောခင်မှာ ဆေးပေါ့လိပ်ရဲ့ ဇစ်မြစ်ကို အရင်စစ်ကြည့်စေချင်ပါတယ်။ ဆေးပေါ့လိပ်။ ဆေးပြင်းလိပ်တွေမှာ ပါတဲ့အမယ်တွေ ကွာပေမယ့် မကွဲမပြား အတူတူ ပါဝင်နေနိုင်တဲ့ အရာကတော့ ဆေးရွက်ကြီးပါ။ ဆေးရွက်ကြီး ပါဝင်နေမှတော့ ဆေးပေါ့လိပ်တွေ ဆေးပြင်းလိပ်တွေက စီးကရက်လိုမျိုး ကျန်းမာရေးကို မထိခိုက်စေဘူးဆိုတာက လက်ခံနိုင်ဖွယ်ရာ မရှိတဲ့ အဆိုတစ်ရပ်လို့ပဲ ဆိုရပါမယ်။
ဆေးပေါ့လိပ်သောက်ရင်းက ထိခိုက်လာမယ့် ကျန်းမာရေး
မြန်မာနိုင်ငံ။ အိန္ဒိယ နဲ့ အရှေ့တောင် အာရှဒေသတွေမှာ အသောက်များတဲ့ ဆေးပေါ့လိပ်၊ ဆေးပြင်း လိပ်တွေကလည်း စီးကရက်လိုပဲ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။
ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်တွေမှာပါတဲ့ ဆေးရွက်ကြီးမှာ စွဲလမ်းစေတတ်တဲ့ အာနိသင်ရှိပါတယ်။ ဆေးရွက်ကြီးကို ဆေးပြင်းလိပ်။ ဆေးပေါ့လိပ်တွေအဖြစ်သောက်သုံးလိုက်တဲ့အခါ ထွက်လာတဲ့ ဆေးလိပ်ငွေ့မှာ ဓာတုပစ္စည်းပေါင်း ၇၀၀ ကျော် ပါဝင်နေပြီး ဒီ ၇၀၀ ကျော်ထဲက ၇၀ ထက်မနည်းတဲ့ ဓာတုပစ္စည်းတွေက ကင်ဆာဖြစ်စေနိုင်ပါတယ်။
ဆေးပေါ့လိပ်သောက်သုံးတာက ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကို ထိခိုက်စေတာပါ။
ဆေးပေါ့လိပ် သောက်တာကြောင့်
• သွေးကြောနံရံတွေ အားနည်းပြီး ဦးနှောက်ထဲမှာ သွေးခဲတာ
• လေဖြတ်တာ
• အဆုတ်ဆီ သွေးပို့ပေးနေတဲ့ ခြေထောက်က သွေးကြောတွေထဲမှာ သွေးခဲတာ
• နှလုံးသွေးကြောဆိုင်ရာ ရောဂါ
• ရုတ်တရက် နှလုံးရပ်တာ
• ဆေးပေါ့လိပ် သောက်ပြီးပြီးချင်းမှာ သွေးတိုးတာ
• ခြေထောက်တွေဆီ သွေးစီးဆင်းရောက်ရှိမှု နည်းတာ
• မျိုးပွားအင်္ဂါဆီ သွေးစီးဆင်းရောက်ရှိမှုနည်းပြီး လိင်တံထောင်မတ်နိုင်မှုမှာ ပြဿနာရှိတာ
• ကင်ဆာရောဂါ ( အထူးသဖြင့် အဆုတ်၊ ပါးစပ်၊ အသံအိုး၊ နှာခေါင်း၊ လည်ချောင်း၊ အစာရေမျို၊ အစာအိမ်၊ ကျောက်ကပ်၊ သရက်ရွက်၊ အူမကြီး ကင်ဆာ စတာတွေ ခံစားရနိုင်ပါတယ်)
• အနာကျက်နှေးတာ (ခွဲစိတ်ကုသမှုလုပ်ထားချိန်မှာ အနာကျက်နှေးတာ)
• အဆုတ် ကျန်းမာရေး ထိခိုက်တာ (နာတာရှည် အဆုတ်ရောင်ရောဂါ၊ ပန်းနာရင်ကျပ် လိုမျိုး ရောဂါတွေ ခံစားရနိုင်ပါတယ်)
• လမစေ့ဘဲ ကလေးမွေးဖွားတာ။ ပေါင်မပြည့်ဘဲ ကလေးမွေးဖွားတာ၊ ကိုယ်ဝန်ပျက်ကျတာ
• အနံ့အရသာ ခံနိုင်စွမ်း ကျလာတာ
• မျိုးအောင်နိုင်စွမ်း ကျလာတာ
• အမြင်အာရုံ ထိခိုက်တာ
• သွားနဲ့ သွားဖုံးရောဂါတွေ ခံစားရနိုင်ပါတယ်
• အရေပြား ထိခိုက်ပျက်စီးတာ
• သွေးတိုးရောဂါ အခံရှိသူတွေမှာ သွေးတိုးရောဂါကို ပိုဆိုးစေတာ
• အမျိုးအစား (၂) ဆီးချိုရောဂါ ခံစားရနိုင်ခြေမြင့်တာ
• အရိုးပါးတာ
• အဆစ်ရောင်ရောဂါ ခံစားရနိုင်ခြေ မြင့်တက်တာ
• ခံတွင်းနံ့ဆိုးတာ
• သွားမှာ အစွန်းအထင်းတွေဖြစ်တာ
• အရွယ်မတိုင်ခင် အိုမင်းတာ
• ပါးစပ်ထဲမှာ အနာတွေဖြစ်တာ
• သွားဆုံးရှုံးတာမျိုးတွေ ခံစားရနိုင်ပါတယ်။
• ဆေးရွက်ကြီးကို ကုသမှုအပိုင်းမှာ အသုံးပြုကြပေမယ့် ဆေးရွက်ကြီးကို လိုတာထက် ပိုမိုထည့်သွင်း ထုတ်လုပ်ထားတဲ့ ဆေးပေါ့လိပ်။ ဆေးပြင်းလိပ်တွေနဲ့ စီးကရက်တွေကတော့ ကျန်းမာရေးအတွက် ကောင်းကျိုးဆိုတာမရှိဘဲ ဆိုးကျိုးကိုသာ ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ဆေးပေါ့လိပ်။ ဆေးပြင်းလိပ်တွေကိုလည်း စီးကရက်ကို ရှောင်သလိုပဲ ရှောင်ကြဖို့ ပြောပါရစေ။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon