မန္တလေး ၁၈  အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီးတွင် ဒုတိယအကြိမ်ကပ်ထားကြေညာသည့် မဲစာရင်း၌ လာရောက်ကြည့်ရှုသူ ၁၁၂၆၇၁၀ ရှိပြီး ပြင်ဆင်၊ ကန့်ကွက်၊ လျှောက်ထားသူ(၁၇၉၈၂၈)ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

 

ဒုတိယအကြိမ် ကပ်ထားကြေညာသည့် မဲစာရင်း၌ လာရောက်ကြည့်ရှုသူ(၁၁၂၆၇၁၀) ရှိပြီး ပုံစံ(၃)ဖြင့် လျှောက်ထားသူ(၁၁၄၇၉၀)ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ(၁၈၉၀၅)ဦးနှင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ(၄၆၁၃၃) ဦး စုစုပေါင်း (၁၇၉၈၂၈)ဦးရှိကြောင်း  မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးရှိန်ဝင်းက ပြောကြားသည်။

 

ကန့်ကွက်လျှောက်ထား ပြင်ဆင်တဲ့စာရင်းတွေက အပြီးပြင်ရမှာ၊ မဲပေးမည့်နေ့မှာ အသုံးပြုမှာဆိုတော့ ထပ်ပြီး မှားလို့မရတော့ဘူး၊ နောက်ဆုံးပြင်ဆင်တဲ့အတိုင်းပဲ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ကိုပို့မယ်၊ မဲရုံတွေမှာ ရှမ်းတိုင်းရင်းသားပါတဲ့မဲရုံတွေမှာ အနည်းဆုံးလေးစုံပို့မယ်၊ ရှမ်းတိုင်းရင်းသားမပါတဲ့ မဲရုံတွေဆိုရင် လွှတ်တော်သုံးရပ်အတွက် သုံးစုံပို့မယ်၊ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို ပို့မည့် မဲစာရင်း ကတော့ ပြောလို့မရသေးပါဘူး၊ စိစစ်နေဆဲမို့ပါ၊ နောက်ဆုံးပြင်ဆင်တဲ့မဲစာရင်းအတိုင်း ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ကို ပေးပို့သွားမှာပါဟု  ၎င်းက ဆက်လက်ပြောကြားသည်။

 

မန္တလေးတိုင်းဒေသကြီးတွင် ပထမအကြိမ်မဲစာရင်းများကို ဇူလိုင်၂၅ ရက် မှ ဩဂုတ်လ ၁၄ ရက်အထိ ကပ်ထားကြေညာခဲ့ပြီး မဲပေးခွင့်ရှိသူ(၄၅၇၈၈၁၃)ဦးရှိခဲ့ကာ မဲစာရင်းများကို ပြင်ဆင်ပြီးနောက် ဒုတိယအကြိမ် ကပ်ထားကြေညာသည့်မဲစာရင်းတွင် မဲပေးခွင့်ရှိသူ(၄၇၈၄၂၈၈)ဦး ရှိလာကြောင်း သိရပြီး ဒုတိယအကြိမ် မဲစာရင်းများကို အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ ကပ်ထားကြေညာခဲ့ပြီး ပြင်ဆင်၊ ကန့်ကွက်၊ လျှောက်ထားသူ စုစုပေါင်း(၁၇၉၈၂)ဦးရှိပြီး လက်ရှိတွင် အဆိုပါစာရင်းများအား စိစစ်ပြုစုနေဆဲဖြစ်ကာ စိစစ်ပြီးမှသာ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ မဲစာရင်းများပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

 

၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၄၄၂၄၇၂၇)ဦးနှင့်မဲရုံပေါင်း ၅၄၀၀ ကျော် ရှိခဲ့ပြီး အမှန်တကယ် ဆန္ဒမဲလာပေးသူ (၃၂၂၃၈၄၅) ဦးရှိခဲ့ခြင်းကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ ၇၂ ဒသမ ၈၆ ရာခိုင်နှုန်းသာ ဆန္ဒမဲပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)