မန္တလေး ၁၈ အောက်တိုဘာ
မန္တလေးမဟာမုနိဘုရားကြီးတွင် အများပြည်သူလှူဒါန်းထားသော တန်ဖိုးကြီးမားပြီး ရှားပါးသော ရှေးဟောင်း ပေစာ၊ ပုရပိုက်များ၊ ကမ္မဝါစာများ၊ ရှေးနံရံဆေးရေး ပန်းချီများရှိသည်။
ကိုဗစ်-၁၉ကာကွယ် ထိန်းသိမ်းရေးကာလ မဟာမုနိဘုရားကြီးပိတ်ထားချိန်တွင် ဘုရားကြီးဝန်ထမ်းများမှ နှစ်ကာလကြာမြင့်၍ ကျွတ်ဆတ်နေသော ပေစာများကို စပလင်သုတ်၍ အခြောက်ခံကာ မူလပုံစံဖြစ်စေရန် ထိန်းသိမ်းခြင်း၊ ပေစာများစာမျက်နှာ စဉ်အတိုင်း ပြန်လည်စီထပ်ပြီး တိုက်ပိုင်စာရင်းသွင်း၍ ကတ္တီပါအိတ်များအတွင်း ထည့်သွင်းသိမ်းဆည်းခြင်း၊ အင်းဝခေတ် သရိုးမန်းကျီးစေ့ကမ္မဝါ၊ သုံးဆယ့်တစ်ပုံအကြောင်း ရေးဆွဲထားသည့် ရှားပါးရောင်စုံပုရပိုက်၊ ဆင်စွယ်ကမ္မဝါများ စနစ်တကျထိန်းသိမ်းခြင်းများ ဆောင်ရွက်ကြသည်။
တန်ဖိုးကြီးမားသော သမိုင်းဝင်အမွေအနှစ်များစုစည်းပြီး နောင်လာနောက်သားများအတွက် စုစည်းမှတ်တမ်းတင်ထားနိုင်ရန် အထောက်အထားများကို စာအုပ်ထုတ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)


