၁၈ အောက်တိုဘာ

 

 

နယူးဇီလန် ရွေးကောက်ပွဲပြီး နောက်တစ်ရက် တနင်္ဂနွေနေ့မှာ ဒေသတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ တစ်ဦးရှိကြောင်း ထုတ်ပြန်ကြေညာပါတယ်။

 

 

နယူးဇီလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု မရှိတာ သီတင်းနှစ်ပတ်ကြာပြီးနောက်မှာ ပထမဆုံး ပိုးကူး လူနာ တစ်ဦးကို ပြန်လည်တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

 

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် အက်ရှ်လေ ဘလွန်းဖီးဒ် က အခုပိုး တွေ့ရှိသူဟာ ဆိပ်ကမ်းလုပ်သားတစ်ယောက်ဖြစ်ကြောင်း၊ သူ့မှာ ရောဂါပိုး လက္ခဏာ ရှိခဲ့ကြောင်း၊ သူနဲ့ ဆက်နွယ်သူတွေကိုလည်း သီးသန့် ခွဲခြားထားလိုက်နိုင်ကြောင်း ပြောပါတယ်။

 

 

ရောဂါပိုး တွေ့ရှိသူဟာ အစောဆုံး အနေနဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး ရောဂါပိုး ကူးစက်ခံရနိုင်ကြောင်း ခန့်မှန်းရပါတယ်။

 

 

လက်ရှိဝန်ကြီးချုပ် လေဘာပါတီ ခေါင်းဆောင် အာဒန် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခြင်းက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ထိန်းချုပ်နိုင်မှုဟာ အဓိကအကြောင်းအရင်း တစ်ချက်လည်းဖြစ်ပါတယ်။

 

 

ဝန်ကြီးချုပ်က မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ကိုဗစ်ရွေးကောက်ပွဲလို့ ခေါ်ဆိုပြီး၊  နယူးဇီလန် လွှတ်တော်ရဲ့ နေရာ ၁၂၀ မှာ ဝန်ကြီးချုပ်ရဲ့ပါတီက ၆၄ နေရာကို အနိုင်ရရှိခဲ့ပါတယ်။

 

 

ဝန်ကြီးချုပ်အာဒန်ရဲ့ မဲဆွယ်ရေး စည်းရုံးရေး ကာလမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကို သူ့အစိုးရက အောင်မြင်စွာ လုပ်ကိုင်နိုင်ပုံကိုလည်း ပြောဆိုစည်းရုံးခဲ့တာကို တွေ့ရပါတယ်။

 

 

လူဦးရေ ငါးသန်း နေထိုင်တဲ့ နယူးဇီလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ ၂၅ ဦးသာ ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

a2