မိုင်းပျဉ်း ၁၈ အောက်တိုဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် အမျိုးသမီးငယ်လေးများ အားသားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ် ဆေးကိုပုံမှန်ကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်း အစီအစဉ်တွင် ထည့်သွင်းခြင်းမြို့နယ် အဆင့်အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၉) နာရီခွဲကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦးက မြို့နယ်အတွက် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုချီးမွှမ်းစကားပြောကြားပြီး ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း အဖွဲ့ များနှင့် ချိတ်ဆက်ပူးပေါင်း ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆရာဝန်ကြီးဒေါက်တာ စိုင်းစိုးဟိန်းနှင့် ကျန်းမာရေး ကြီးကြပ်အဆင့်-၁ ဦးမြင့်ဦးတို့က အမျိုးသမီးငယ်လေးများအား သားအိမ်ခေါင်းက င်ဆာရောဂါ(HPV) ကာကွယ်ဆေးထိုးနှံပေးရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။
သားအိမ်ခေါင်းကင်ဆာသည် (Human Papillomavirus) အိတ်ချ်ပီဗီ ဗိုင်းရပ်(စ်) ပိုးကြောင့် လိင်ဆက်ဆံခြင်း၊ အရေပြားချင်းထိတွေ့ခြင်းမှ ကူးစက်တတ်သောရောဂါတစ်မျိုး ဖြစ်ပြီး၊ ကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်ခြင်းကြောင့် မည်သူမဆို အချိန်အခါမရွေး ကူးစက် ခံရနိုင်ပြီး (Human Papillomavirus) အိတ်ချ်ပီဗီ ဗိုင်းရပ်(စ်) ပိုးကြောင့် သားအိမ်ခေါင်းကင် ဆာရောဂါကာကွယ်နိုင်ရန် အသက်၁၅ နှစ်အရွယ် မတိုင်မီ မိန်းကလေး ငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအစီအစဉ်တွင် ထည့်သွင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ် ဆေးကို အသက် (၉) နှစ်မှ (၁၀) နှစ် အကြားအမျိုးသမီးငယ်လေးများအား အောက်တိုဘာလ (၂၀) ရက်နေ့တွင်စတင်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မေမွန်ထွဋ်၊ ပြန်ဆက်


