mdn

နေပြည်တော် ၁၈ အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ကိုင်းငယ်လေးကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာဘက်စုံသုံး ခန်းမဆောင် ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ခန်းမဆောင်မှာ အလျားပေ ၄၀၊ အနံပေ ၂၀ နှင့် အမြင့် ၁၁ ပေရှိသော RC တစ်ထပ် ပုံစံဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မြစိမ်းရောင်စီမံကိန်း အတိုးရငွေကျပ်သိန်း ၉၀ ဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများ၏ နည်းပညာအကူအညီဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျေးရွာဘက်စုံသုံး ခန်းမဆောင် ဆောက်လုပ်ပြီးစီးသွားပါက ကိုင်းငယ်လေးကျေးရွာရှိ အိမ်ခြေ ၉၉ အိမ်၊ လူဦးရေ ၄၆၆ ဦးကို ကျန်းမာရေး၊ လူမှုရေးနှင့် ဘာသာရေးကိစ္စများ ဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေကာ ရပ်ရွာအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း သိရသည်။  

 

မင်းလှမြို့နယ်အတွင်း ကိုင်းငယ်လေးကျေးရွာအပါအဝင် ကျေးရွာပေါင်း ၃၈ ရွာတွင် မြစိမ်းရောင်စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့်အနက် ကျေးရွာပေါင်း ၁၆ ရွာ၌ မြစိမ်းရောင်စီမံကိန်း အတိုးရငွေကျပ် ၁၂၂ ဒသမ ၀၅ သန်း၊ ပြည်သူထည့်ဝင်ငွေ ၁၀၇ ဒသမ ၈၄၄ သန်း စုစုပေါင်း ၂၂၉ ဒသမ ၈၉၄ သန်းဖြင့် ရေရရှိရေးလုပ်ငန်း ငါးခု၊ မီးလင်းရေးလုပ်ငန်း ခုနစ်ခု၊ လမ်းလုပ်ငန်း သုံးခု၊ ကျေးရွာခန်းမဆောင် တစ်ခုအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

ဂျိုင်းလော(သတင်းစဉ်)