ရန်ကုန် ၁၈ အောက်တိုဘာ
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထောက်ပံ့ကူညီသည့် ဆေးရုံသုံးလက်အိတ်များနှင့် လူသားချင်း စာနာထောက်ထားမှု ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးမည့် ကျွမ်းကျင်ဝန်ထမ်းများ တင်ဆောင်လာသော အထူးလေယာဉ်သည် ယနေ့ မွန်းတည့် ၁၂ နာရီတွင် မလေးရှားနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။
ယနေ့ခရီးစဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က “ယနေ့ခရီးစဉ်မှာတော့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ JICA, ICRC, UKAID တို့လို အဖွဲ့အစည်းတွေရဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ အထောက်အပံ့ပေးရေးဝန်ထမ်းတွေ လိုက်ပါလာပါတယ်။ ထို့အတူ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ WHO က ဝယ်ယူထားတဲ့ တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းတွေကို သယ်ဆောင်လာခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက်ရော ကမ္ဘာအရပ်ရပ်မှာပါ နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ ပြန်ပြီးမလည်ပတ်နိုင်မီ အချိန်အထိ အခုလို ဝန်ဆောင်မှုပေးသွားနိုင်ဖို့ WFP အနေနဲ့ ဆက်လက် ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟုပြောသည်။
ယနေ့ခရီးစဉ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ထောက်ပံ့ကူညီမည့် ဆေးရုံသုံးလက်အိတ်အစုံ (၄၃၀၀၀) နှင့်အတူ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် JICA, ICRC, UKAID စသည့် အဖွဲ့အစည်းများမှ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင် ဝန်ထမ်းများ လိုက်ပါလာကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်းထားသည့်အတွက် ကုလသမဂ္ဂ၏ကိုယ်စား ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တို့ကို အပတ်စဉ် ချိတ်ဆက်ပေးနိုင်မည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လေကြောင်းပျံသန်းမှုအကူအညီ အစီအစဉ်ကို မေ ၁၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယင်းအစီအစဉ်အရ ယနေ့တွင် ၂၄ ကြိမ်မြောက် ခရီးစဉ်အဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။
WFP ၏အဆိုပါ အစီအစဉ်သည် ကမ္ဘာအနှံ့အပြားရှိ သယ်ယူပို့ဆောင်ရေးဗဟိုဌာန (Logistics Hubs) များနှင့် ချိတ်ဆက်ပြီး အရေးပေါ်လိုအပ်ချက်ရှိနေသည့် နိုင်ငံများဆီသို့ ကူညီကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးနေခြင်းဖြစ်သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်


