mdn

နေပြည်တော် ၁၈ အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံတာဝန်ကျဝန်ထမ်းများ၊ Volunteer များအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လက်ခံ၊ ဖြန့်ဖြူးရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လက်ခံဖြန့်ဖြူးရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဗဟိုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဦးမောင်မောင်ဝင်း၊ ဦးကျော်မျိုး၊ ဦးမြင့်ကြိုင်၊ ဦးစိုးအောင်နှင့် အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး ဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီး/ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးများနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများသည် Virtual Meeting (Zoom) ဖြင့် တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလျက်ရှိရာ နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့ နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို ထိထိရောက်ရောက် ဆောင်ရွက်နေသကဲ့သို့ မကြာမီကျင်းပတော့မည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အထွေထွေရွေးကောက်ပွဲ၌ မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံတာဝန်ကျသူများနှင့် Volunteer များအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ အချိန်မီ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများအား ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ ရောက်ရှိလာပါက ပစ္စည်းများ လက်ခံရယူခြင်း၊ ယင်းပစ္စည်းများအား သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေလွှဲပြောင်းခြင်း စသည့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ကွပ်ကဲကြပ်မတ်ရန် မိမိမှ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်မည့် ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများ လက်ခံ၊ ဖြန့်ဖြူးရေး ဗဟိုကော်မတီကို ဖွဲ့စည်းပြီးဖြစ်ရာ အဖွဲ့ဝင်အဖြစ် ပါဝင်ကြသည့် ဗဟိုကော်မတီဝင်များဖြင့် ယခုအစည်းအဝေးကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လက်ခံ၊ ဖြန့်ဖြူးရေးစီမံချက်ရေးဆွဲပြီး လုပ်ငန်းများ အောင်မြင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ COVID-19 ကာကွယ်ရေးပစ္စည်းများသည် တရုတ်နိုင်ငံမှ အောက်တိုဘာလ တတိယပတ်အတွင်း လေယာဉ် ခေါက်ရေ (၄၀)ခန့်ဖြင့် ရန်ကုန်နှင့် မန္တလေးလေဆိပ်များသို့ ဖြန့်ခွဲရောက်ရှိမည်ဖြစ်ရာ ယမန်နေ့ အောက်တိုဘာ(၁၇)ရက်မှစတင် ရောက်ရှိလာပြီဖြစ်ပါကြောင်း။

 

အဆိုပါ ပစ္စည်းများကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် သက်ဆိုင်ရာမဲရုံများအရောက် အချိန်မီပို့ဆောင်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ အဆိုပါပစ္စည်းများမှာ ပမာဏများပြားသဖြင့် လေဆိပ်များသို့ရောက်ရှိလာမည့် ပစ္စည်းအမျိုးအမည်နှင့် ပမာဏအား ကြိုတင်သိရှိနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ ရန်ကုန်လေဆိပ်နှင့် မန္တလေးလေဆိပ်၌ တာဝန်ပေးအပ်ထားသည့် လုပ်ငန်းကော်မတီများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေပေးရမည့် အရေအတွက်ပေါ်မူတည်၍ လုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပိုလျှံပစ္စည်းများအား စာရင်းအင်းနှင့်တကွ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ စနစ်တကျ ပြန်လည်အပ်နှံမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံးတို့အနေဖြင့် သက်ဆိုင်ရာလေဆိပ်များသို့ ရောက်ရှိမည့် ပစ္စည်းအမျိုးအမည်၊ အရေအတွက်တို့ကို လည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ဖြန့်ဝေပေးရမည့် ပစ္စည်းအမျိုးအမည်နှင့် အရေအတွက်တို့ကိုလည်းကောင်း ပြန်လည်စိစစ်ညှိနှိုင်း၍ အတည်ပြု ပြန်ကြားပေးရန် ဆွေးနွေးလိုပါကြောင်း။

 

ထို့ပြင် သက်ဆိုင်ရာ လေဆိပ်များတွင် ပစ္စည်းလက်ခံခြင်း၊ လွှဲပြောင်းခြင်း၊ ဖြန့်ဝေခြင်း၊ ငွေပေးချေခြင်းနှင့် အကောက်ခွန်ဆိုင်ရာကိစ္စရပ်များ လေဆိပ်တွင် ပစ္စည်းများခေတ္တ ထိန်းသိမ်းထားရေး ကိစ္စရပ်များကို ရန်ကုန်လေဆိပ်နှင့် မန္တလေးလေဆိပ်တို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းလက်ခံ၊ ဖြန့်ဖြူးရေးလုပ်ငန်းကော်မတီတွင် ပါဝင်သည့် ဆက်စပ်ဝန်ကြီးဌာနများမှ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လေဆိပ်များသို့ ရောက်ရှိလာသော ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများအား ပစ္စည်းများ စတင်ရောက်ရှိသည့် ရက်မှစ၍ အမြန်ဆုံးဆက်လက် ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ထားရာ ယင်းပစ္စည်းများ အဆင်ပြေစွာ သယ်ယူဖြန့်ဝေနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကြိုတင်စီစဉ်ထားရှိကြရန် လိုအပ်ပါကြောင်း၊ လေကြောင်းဖြင့် သယ်ယူရမည့် တိုင်းဒေသကြီး/ ပြည်နယ်များအတွက်လည်း လေယာဉ်ရရှိရေး ညှိနှိုင်းဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များကလည်း သက်ဆိုင်ရာ လေဆိပ်များသို့ ပစ္စည်းများ လာရောက်ထုတ်ယူရာတွင် ကော်မတီဖွဲ့စည်း၍ တာဝန်ပေးအပ်ထားသူများကို ကိုဗစ်-၁၉ ရောဂါ ရှိ/ မရှိ ကြိုတင်စစ်ဆေးခြင်း၊ မော်တော်ယာဉ်များ ကြံ့ခိုင်ရေး ကြိုတင်စစ်ဆေးထားရှိခြင်းတို့ ဆောင်ရွက်ထားရှိရန် လိုအပ်မည့်အပြင် လေဆိပ်မှ ပစ္စည်းများ ထုတ်ယူပြီး သယ်ယူရာ လမ်းတစ်လျှောက်ရှိ မြို့နယ်များသို့ တစ်ပါတည်း ဖြန့်ဝေနိုင်ရေးအတွက်လည်း ကြိုတင်စီစဉ် ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း။

 

လမ်းခရီးတစ်လျှောက် သယ်ယူရာတွင် ကြန့်ကြာမှုမရှိစေရေးနှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများအချင်းချင်း ဆက်သွယ်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြရန်လည်း လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများကို သက်ဆိုင်ရာ မိမိဒေသအတွင်း ပို့ဆောင်ဖြန့်ဖြူးရာတွင် ကုန်ကျမည့်ကုန်ကျစရိတ်များကို စနစ်တကျမှတ်တမ်းတင်၍ ဗဟိုကော်မတီသို့ ပြန်လည်တင်ပြဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပစ္စည်းများခေတ္တထိန်းသိမ်းထားရှိခြင်း၊ ဒေသအသီးသီးသို့ ပြန်လည်သယ်ဆောင်ခြင်းတို့ ဆောင်ရွက်ရာတွင် ပျက်စီး၊ ဆုံးရှုံးမှု၊ လျော့နည်း၊ ပျောက်ဆုံးမှု မရှိစေရေး စနစ်တကျ စိစစ်လက်ခံ သယ်ဆောင်သွားရကြရန်နှင့် ပစ္စည်းလက်ခံ/ ထုတ်ပေး၊ လက်ကျန်စာရင်းများအား စာရင်းဇယား စနစ်တကျ ထားရှိဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တက်ရောက်လာသော ကော်မတီဝင်များအနေဖြင့် တရုတ်နိုင်ငံမှ ပစ္စည်းပေးပို့မည့်နေ့အလိုက် ခရီးစဉ်များနှင့် ဆင်းသက်မည့်လေဆိပ်၊ လေယာဉ်တစ်စင်းချင်းအလိုက် ပါရှိမည့် ပစ္စည်းအမျိုးအမည်နှင့် အရေအတွက်၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ခွဲဝေပေးမည့် ပစ္စည်းအမျိုးအစား၊ အရေအတွက်၊ လေဆိပ်များတွင် လာရောက်ထုတ်ယူရာ၌ တွေ့ကြုံနိုင်မည့် အခက်အခဲများ၊ သယ်ယူပို့ဆောင်မည့် နည်းလမ်း၊ ဦးစားပေးအစီအစဉ်အလိုက် အဆင်ပြေနိုင်ခြင်း ရှိ/ မရှိ စသည်တို့ကို အသေးစိတ်ဆွေးနွေးပေးစေလိုပါကြောင်း၊ အဓိကအားဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို အထွေထွေရွေးကောက်ပွဲကျင်းပသည့်ရက် မရောက်မီ(၃)ရက်ခန့် ကြိုတင်၍ သက်ဆိုင်ရာ မဲရုံအသီးသီးသို့အရောက် ပို့ဆောင်ရမည်ဖြစ်သည့်အတွက် လုပ်ငန်းများအဆင်ပြေချောမွေ့စေရေး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်၍ လိုအပ်သည့် အကြံပြုချက်များဖြင့် ဆွေးနွေးပေးနိုင်ပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ Virtual Meeting (Zoom) ဖြင့် တက်ရောက်ကြသည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ တာဝန်ခံဝန်ကြီးများက ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လက်ခံ/ဖြန့်ဖြူးရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ဒေသအလိုက် မဲရုံများနှင့် တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများ၊ ပစ္စည်းလိုအပ်ချက်များ၊ သယ်ယူဖြန့်ဖြူးရာတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စေလွှတ်ဆောင်ရွက်မည့်အခြေအနေ၊ သယ်ယူဆောင်ရွက်မည့်အစီအစဉ်များနှင့် လုပ်ငန်းဆိုင်ရာ အခက်အခဲများ၊ သက်ဆိုင်ရာမဲရုံများသို့ အချိန်မီဖြန့်ဖြူးနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ယခုလုပ်ငန်းစဉ်သည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဖြန့်ဝေပေးပို့မည့် COVID-19 ကာကွယ်ရေးပစ္စည်းများအား အထွေထွေရွေးကောက်ပွဲမကျင်းပမီ သတ်မှတ်ကာလအတွင်း သတ်မှတ်နေရာ အသီးသီးသို့ ပျက်စီးဆုံးရှုံးမှုမရှိစေဘဲ ရောက်ရှိစေရေးအတွက် အားလုံးကကဏ္ဍအလိုက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များ၊ လုပ်ငန်းအခက်အခဲများအား အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံတာဝန်ကျဝန်ထမ်းများ၊ Volunteer များအတွက် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် လက်အိတ်၊ Mask ၊ FaceShield နှင့် PPE ဝတ်စုံတို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည့် ပစ္စည်းများအား ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်၊ ကယား၊ မွန်၊ ရခိုင်ပြည်နယ်တို့သို့လည်းကောင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် ပစ္စည်းများအား ပြည်ထောင်စုနယ်မြေ၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်၊ ချင်း၊ ရှမ်းပြည်နယ် တို့သို့လည်းကောင်း သတ်မှတ်ကာလအတွင်း အချိန်မီဖြန့်ဖြူး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်