နေပြည်တော် ၁၈ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့ နောက်ဆုံးနေ့အဖြစ် ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြရာ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၅၀၃)ဦး၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၇၂)ဉီးနှင့် စင်ကာပူမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၂၂၆၀)ခန့် ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒူဘိုင်းမြို့ရှိ ပြင်ပမဲရုံခွဲ၌ ယနေ့ နောက်ဆုံးနေ့အဖြစ် မဲရုံဖွင့်လှစ်ခဲ့ရာ မဲဆန္ဒရှင် (၁၈၀) ခန့် ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။
မြန်မာသံရုံးများ၌ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများအား သက်ဆိုင်ရာနိုင်ငံများမှ ချမှတ်ထားသော ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်းများနှင့်အညီ စနစ်တကျစီစဉ် ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်များမှလည်း မြန်မာသံရုံးများမှ စီစဉ်ဆောင်ရွက်ထားရှိသည့်အတိုင်း လိုက်နာကာ စနစ်တကျ ဆန္ဒမဲများပေးခဲ့ကြကြောင်း သိရသည်။
သို့ပါ၍ ယနေ့တွင် မြန်မာသံရုံး (၃)ရုံးနှင့် ပြင်ပမဲရုံခွဲ (၁)ခုတို့၌ မဲဆန္ဒရှင် စုစုပေါင်း (၃၀၁၅)ဦးခန့် ကြိုတင်ဆန္ဒမဲ လာရောက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


