မန့်ဟီးရိုး ၁၉ အောက်တိုဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန့်ဟီးရိုးမြို့၊ နောင်ဟင်ကျေးရွာ၊ ရွှေလီမြစ်ဆိပ် စက်လှေဆိပ်တွင် ယမန်နေ့ နံနက်ပိုင်းက စုစုပေါင်းလူခုနစ်ဦး လိုက်ပါလာသော ဆွစ်ယာဉ်ငယ်တစ်စီး စက်လှေဆိပ်ကမ်းစပ်မှ အရှိန်လွန်၍ ရွှေလီမြစ်အတွင်းသို့ ထိုးကျသွားကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်ပေါ် လိုက်ပါလာသူခုနစ်ဦးအနက်မှ ယာဉ်မောင်းနှင့် အမျိုးသမီးနှစ်ဦးအပါအဝင် သုံးဦးမှာ ရေကူးလွတ်မြောက်လာခဲ့၍ ကရုဏာ နာရေးလူမှုကူညီရေးအသင်း(မူဆယ်)ယာဉ်ဖြင့် မူဆယ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိရာမှ အမျိုးသမီးတစ်ဦးဆေးရုံ၌ သေဆုံးသွား ကြောင်းသိရသည်။
ဆက်လက်၍ ယာဉ်အတွင်းပိတ်မိနေသည့် အမျိုးသမီးသုံးဦးနှင့် ကလေးငယ်တစ်ဦး စုစုပေါင်းလေးဦးတို့ကို မန့်ဟီးရိုးမြို့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မူဆယ်မြို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကရုဏာနာရေးလူမှုကူညီရေးအသင်းနှင့် ဒေသခံပြည်သူတို့က ရွှေလီမြစ်အတွင်း လှည့်လည်ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ အမျိုးသမီး(၃)ဦး(သေဆုံး)နှင့် မော်တော်ယာဉ်တို့ကို နေ့လည် ၁ နာရီခွဲခန့်က ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ကလေးငယ်တစ်ဦးကို ဆက်လက်ရှာဖွေလျက်ရှိ ကြောင်းသိရသည်။
သန့်ဇင် မူဆယ်


