ရန်ကုန် ၁၉ အောက်တိုဘာ
၁၉၆၁ ခုနှစ်တွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ရောက်ရှိလာသော ဆင်မကြီး မိုမိုမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၁ ရက်တွင် အသက် (၆၇နှစ်) ပြည့်ပြီဖြစ်ရာ ဆယ်စုနှစ်ခေတ်များစွာကို ဖြတ်သန်းလာသော ဆင်မကြီးမိုမို ယနေ့တိုင် အသက်ရှင်သန်လျက်ရှိ၍ မိုမိုမွေးနေ့အား ကျန်ဆင်မသုံးကောင်နှင့်အတူ အသီးအနှံမျိုးစုံဘူဖေးကျွေးမွေးခြင်းဖြင့် အကျဉ်းချုံး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သက်တမ်းမှာ ၁၁၄ နှစ်ရှိပြီဖြစ်ရာ ၁၉၅၃ ခုနှစ်အောက်တိုဘာ ၂၁ရက်တွင် မွေးဖွားသည့်ဆင်မကြီး မိုမိုမှာ အသက် (၆၇ နှစ်)ပြည့်ပြီဖြစ်၍ ယနေ့တိုင်သက်ရှည် ကျန်းမာလျက်ရှိသည်။ လိမ္မာချစ်ဖွယ် ကောင်းသော မိုမိုအား ကယားပြည်နယ် လွိုင်ကော်မြို့ရှိ သစ်လုပ်ငန်းလုပ်ကိုင်သူ ဦးခွန်ဆန္ဒနှင့် မိသားစုက သစ်ဆွဲဆင်အဖြစ် အသုံးမပြုလိုသည့်အတွက် အေးချမ်းစွာနေထိုင်နိုင်ရန် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်ခဲ့ရာ ရန်ကုန် တိရစ္တာန်ဥယျာဉ်မှ ဝမ်းသာလှိုက်လှဲစွာကြိုဆိုခဲ့ပြီး ဆင်ပိုင်ရှင်အားအမည်ပေးခဲ့ရန် ပြောကြားရာတွင် မိုမို၏ ဆင်ဦးစီးအားဦးခွန်ဆန္ဒက အမည်ပေးရန် ခွင့်ပြုခဲ့၍ ဆင်ဦးစီးက ယင်း၏ဇနီးအမည်ဖြစ်သော မခင်မိုမိုအမည်ကိုအစွဲပြု၍ မိုမိုဟု အမည်ပေးခဲ့ရာမှ ယနေ့တိုင် “မိုမို” ဟုအမည်တွင်ခြင်း ဖြစ်သည်။
ကမ္ဘာပေါ်တွင် အာရှဆင်နှင့် အာဖရိကဆင်နှစ်မျိုးသာရှိပြီး အာရှဆင် တွင် အိန္ဒိယဆင်၊ ဘော်နီရိုဆင်နှင့် သီရိလင်္ကာဆင်ဟူ၍ခွဲခြားထားပြီး မြန်မာ ဆင်သည် အိန္ဒိယဆင်အမျိုးအစားတွင်ပါဝင်၍ ဆင်အမျိုးအစားတွင် ဘော်နီ ရိုဆင်သည် အသေးဆုံးဖြစ်သည်။ အကြီးဆုံးသည်သီရိလင်္ကာဆင်ဖြစ်ပြီး မြန်မာ ဆင်သည် ခွန်အားဗလနှင့် ရုပ်ဆင်းအင်္ဂါအခြားဆင်တို့ထက် သာလွန်သော ကြောင့် ဆင်မကြီးမိုမိုသည် နှစ်လိုဖွယ်ကောင်းသောလက္ခဏာနှင့် ပြည့်စုံလျက် ရှိရာရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့လာရောက်သော ပြည်သူတို့၏ချစ်ခင်မှုကို ယနေ့တိုင်ပိုင်ဆိုင်ထားကြောင်း သိရသည်။
ယခုအခါ မိုမို (၆၇နှစ်)နှင့်အတူ အသက်(၂၁နှစ်)ရှိ “မျိုးမျိုး”၊ အသက်(၂၀)ရှိ “မိချော”နှင့် အသက်(၁၉နှစ်)ကျော်ရှိ “မလှ” ဆင်အမသုံးကောင်ကိုလည်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ပြသထားရာ စိတ်သဘောထား နှစ်လိုဖွယ်ကောင်းသော မိုမို၏ ထိန်းချုပ်မှုအောက်တွင် တိုက်ခိုက်မှုမရှိဘဲ ယနေ့တိုင်အေးချမ်းစွာနေထိုင် လျက်ရှိသည်။ မိုမို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့စတင်ရောက်ရှိစဉ် ကနဦးရောက် ရှိနေသော အောင်တိုးနှင့် ဂျင်းဖောဆင်မောင်နှံရှိရာ ဂျင်းဖောမှ ဆင်တစ်ကောင် မွေးဖွားသောကြောင့် ဆင်ကိုးကောင်ရှိသည့်အတွက် နေထိုင်ရန်အကျယ်အဝန်း နှင့်အစားအစာအခက်အခဲတို့ကြောင့် သစ်လုပ်ငန်းသို့ပေးပို့ခဲ့ရာ ယခုအခါ မိုမိုနှင့်အတူ ဆင်မလေးကောင်ကိုရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ပြသထား သည်။ ကိုဗစ်-၁၉ကာလ၌ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို မတ်လကစတင် ပိတ်ထား ပြီး မိုမိုမွေးနေ့ကျင်းပခြင်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ CEOဖြစ်သူ ဒေါ်ကြည်ဖြူဇော်က “မိုမိုကိုကလေးကအစချစ်ကြတယ်။ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အနေနဲ့ မိုမိုယခုထက်ပိုပြီး အသက်ရှည်အောင်ပြုစုစောင့်ရှောက်နေ ပါတယ်။ မိုမိုနှစ်ရာကျော် အသက်ရှည်ပါစေလို့ဆုတောင်းပါတယ်”ဟု ပြောကြား သည်။
၆၇ နှစ်ပြည့်မွေးနေ့ပွဲ၌ ကိုဗစ်-၁၉ရောဂါကာလဖြစ်သော ကြောင့်ဘူဖေးသီးနှံမျိုးစုံကျွေး၍အကျဉ်းချုံးကျင်းပခဲ့မှုပုံရိပ်တို့ကိုYangon Zoo Online တွင် အောက်တိုဘာ ၂၅ရက်၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သစ္စာ၊ ဓာတ်ပုံ - Ygn Zoo


