ပွင့်ဖြူ ၁၉ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် မဲရုံမှူးနှင့် ဒုတိယ မဲရုံမှူးသင်တန်းကို ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့၊ အမှတ်(၂) အခြေခံ ပညာမူလတန်းလွန်ကျောင်းနှင့် အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မဲရုံမှူး၊ ဒုတိယမဲရုံမှူးသင်တန်းကို ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများမှ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများနှင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် စုစုပေါင်းဦးရေ ၄၃၈ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသင်တန်းတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်စန်းမြင့်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များက ရွေးကောက်ပွဲတွင် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်ပြီး အမှားအယွင်းမရှိ ဆောင်ရွက်နိုင်ရေးအတွက် စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ယခု ဖွင့်လှစ်ပို့ချသည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးသင်တန်းကို အောက်တိုဘာ ၁၉ ရက်မှ ၂၀ ရက်အထိ (၂)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်စန်းမြင့် ထံက သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


