ကျိုင်းတုံ ၁၉ အောက်တိုဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှု လုပ်ငန်းအပ်နှံခြင်း အခမ်းအနားကို အောက်တိုဘာလ (၁၇)ရက် နံနက်(၁၀)နာရီက လွယ်မွေမြို့၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မြင့်ကျော်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာအခမ်းအနားသို့တက်ရောက်လာသော တာဝန်ရှိသူများက ဆောက်လုပ်ပြီးစီးခဲ့သည့် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများလိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆောက်အဦဆောက်လုပ်ပြီးစီးမှု ကမ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
အဆိုပါ ကျေးလက်ကျန်းမာရေးဌာန(အလျားပေ ၄၀၊ အနံပေ ၃၀ RC တစ်ထပ်) အဆောက်အဦ ကို ထွန်းဆောက်လုပ်ရေးကုမ္ပဏီမှ ၂၀၁၉-၂၀၂၀နိုင်ငံတော် ခွင့်ပြုရန်ပုံငွေ ကျပ်(၁၂၇.၄၂) သန်းဖြင့် တင်ဒါအောင်မြင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဆေးပေးခန်း၊ ရုံးခန်း၊ ကိုယ်ဝန်ဆောင် လူနာစမ်းသပ်ခန်း၊ မီးဖွားခန်း၊ ဆေးစတိုခန်းနှင့် ကာကွယ်ဆေးထိုးခန်းများ ပါဝင်ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)


