မုံရွာ ၁၉ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံ စိုက်ပျိုးချိန်တွင် ပဲမျိုးစုံ (၁၄၂၇၃၉၅) ဧကကို စိုက်ပျိုးသွားနိုင်ရေး လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပဲမျိုးစုံစိုက်ပျိုးမှုအနေဖြင့် ခရိုင်(၁၀)ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ မြို့နယ်များတွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုတ်၊ ပဲလွမ်း၊ ကုလားပဲ၊ စားတော်ပဲ၊ စွန်တာပြာ၊ စွန်တာနီ၊ ထောပတ်ပဲ၊ ပဲကြီး၊ ပဲကြား၊ ပဲဖြူလေး၊ ပဲယင်း၊ ပဲရာဇာ၊ ပဲနောက်၊ မြေထောက်ပဲ ဧကနှင့် အခြားပဲများ ဧက စုစုပေါင်း (၁၄၂၇၃၉၅)ဧကကို စိုက်ပျိုးသွားရန်လျာထားကြောင်း သိရသည်။

 

စိုက်ပျိုးမှုအစီအစဉ်အနေဖြင့် မုံရွာခရိုင်အတွင်း (၂၀၇၇၆၈)ဧကအားလည်းကောင်း၊ စစ်ကိုင်းခရိုင် အတွင်း(၁၃၂၃၂၄)ဧကအားလည်းကောင်း၊ ယင်းမာပင် ခရိုင်အတွင်း (၂၀၇၀၉၁)ဧကအား လည်းကောင်း၊ မော်လိုက်ခရိုင်အတွင်း (၃၀၇၃၂) ဧကအားလည်းကောင်း စိုက်ပျိုးသွားမည်ဖြစ်သည်။

 

ထို့အပြင် ရွှေဘိုခရိုင်အတွင်း(၄၄၂၄၃၇)ဧကအား လည်းကောင်း၊ ကသာခရိုင်အတွင်း(၁၀၉၆၀၆)ဧက အား လည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်း(၁၂၁၇၆၂) ဧကအားလည်းကောင်း၊ ကလေးခရိုင်အတွင်း (၁၄၀၇၈၅) ဧကအားလည်းကောင်း၊ တမူးခရိုင်အတွင်း (၁၀၉၃၉)ဧကအားလည်းကောင်း၊ ခန္တီးခရိုင်အတွင်း (၂၂၈၀၈) ဧကနှင့်နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း (၁၁၀၇)ဧကအား လည်းကောင်း စိုက်ပျိုးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)