စေတုတ္တရာ ၁၉ အောက်တိုဘာ
မကွေးတိုင်ဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းကို ယနေ့နံနက် (၈)နာရီက စေတုတ္တရာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က သင်တန်းသား/ သူများအနေဖြင့် သင်တန်းတွင် ပို့ချသော စာတွေ့၊ လက်တွေ့သင်ခန်းစာများကို သေချာမှတ်သားလိုက်နာပြီး ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကောင်းဆုံး ဖြစ်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည်များအား ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မူယာက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ လုပ်ငန်းစဉ်များနှင့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာ သင်တန်းနည်းပြများက မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းအား ဆက်လက် ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် အောက်တိုဘာလ(၁၉)ရက်နေ့သင်တန်းပထမနေ့၌ မဲဆန္ဒနယ်အမှတ်(၁)မှ သင်တန်းသား(၁၁၄)ဦးနှင့် အောက်တိုဘာလ(၂၀)ရက်နေ့၌ မဲဆန္ဒနယ် အမှတ်(၂)မှ သင်တန်းသား (၁၂၀)ဦး စုစုပေါင်းသင်တန်းသား(၂၃၄)ဦးတို့အား သင်တန်းနည်းပြ (၄)ဦးဖြင့် အောက်တိုဘာလ (၁၉)ရက်မှ (၂၀)ရက်အထိ (၂)ရက်ကြာဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)


