ဖားကန့် ၁၉ အောက်တိုဘာ
ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ ခြံဝင်းတစ်ခုအတွင်း၌ ငွေကြေးဖြင့် အလောင်းအစားပြုရသည့် တရုတ်ငါးမန်းဂိမ်း(Money Game)စက်များထားရာ ဂိုဒေါင်သည် ယနေ့ နံနက်(၁၀)နာရီခွဲခန့်က လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ငါးမန်းဂိမ်းစက်(၁၀)လုံးကျော်ခန့်ပါသွားနိုင်ပြီး၊ ဂိမ်းဆိုင်ပိတ်ထားသည့်ကာလ၌ ဂိုဒေါင်အတွင်း ဂိမ်းစက်ပစ္စည်းများစုပုံထားရာမှ လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မရှီကထောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်တင့်က ပြောသည်။
မီးလောင်မှုကို သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရှေ့တန်းရောက် တပ်မတော်သားများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူများက မီးသတ်ယာဉ်ငါးစီး ရေသယ်ယာဉ်နှစ်စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မီးလောင်ပြီး (၁၅)မိနစ်အကြာတွင် မီးငြိမ်းခဲ့သည်။
မီးလောင်မှုကြောင့် ပေ(၄၀) ပေ(၂၀)ပေရှိ ဂိုဒေါင်တစ်လုံးနှင့် တရုတ်ငါးမန်းဂိမ်း(Money Game) စက်များ ပျက်စီးသွားခဲ့ပြီး ပေါ့ဆသူ ခြံစောင့် မောင်ဖြူထွန်း(၂၇)နှစ်အား ဖားကန့်မြို့မရဲစခန်း၌ ပုဒ်မ(၂၈၅)ဖြင့် ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဖားကန့်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့အထိ မီးလောင်မှုပေါင်း(၁၆)ကြိမ်ရှိခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြေငြိမ်းထံမှ သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


