ပေါင် ၁၉ အောက်တိုဘာ
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပထမအကြိမ်ဆန္ဒမဲပေးကြမည့် လူငယ်များ စနစ်တကျ မဲပေးတတ်အောင် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် စိတ္တသုခလူမှု ကူညီရေးအသင်း အစည်းအဝေးခန်းမ၌ အသိပညာပေးသင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ပယ်မဲ၊ ခိုင်လုံမဲနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သော အကြောင်းအရာများနှင့် မဲပေးရာတွင် ဆောင်ရွက်ပုံအဆင့်ဆင့်ကို အဓိက သင်ကြားပေးသွားမည်ဖြစ်တယ်လို့ Myanmar Network Organization for Free and Fair Elections-Mynfrel အဖွဲ့မှ ပေါင်မြို့နယ်သင်တန်းတာဝန်ခံ မနှင်းရွှေရည်ဝိုင်းက ပြောသည်။
“ဒီလာမယ့် ၂၀၂၀ မှာ ပထမဆုံးအကြိမ်မဲပေးမယ့် လူငယ်တွေအတွက်ပေါ့နော်၊ ပထမအကြိမ် မဲပေးတဲ့သူဖြစ်တဲ့အတွက် မဲပေးပုံမဲပေးနည်းမသိဘူး၊ မဲပုံးဘယ်နှစ်ပုံးပေးရမလဲ ဆိုတာမသိဘူး၊ ဆန္ဒမဲ ဘယ်နှခုပေးရမလဲ၊ နောက်ပြီး မွန်ပြည်နယ်မှာဆိုရင် ကရင်၊ ပအိုဝ်း၊ ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းတွေအတွက် ပေးရတာနဲ့ပတ်သက်တာရယ်၊ ပယ်မဲခိုင်လုံမဲရယ်၊ ပယ်မဲမဖြစ်အောင် ဘယ်လိုစနစ်တကျပေးတက်ဖို့ရယ်၊ အဓိက မဲပေးတဲ့အခါမှာ မှန်မှန်ကန်ကန်စနစ်တကျပေးတက်ဖို့ကို ရည်ရွယ်တာပါ။” ဟု ၎င်းက ပြောသည်။
သင်တန်းတွင် သင်တန်းသားများ ပိုမိုမြင်သာစေရန်အတွက် မဲရုံနမူနာပုံစံငယ်ပြုလုပ်ကာ စာတွေ့လက်တွေ့ သင်ကြားပေးပြီး ယခုသင်တန်းမှတစ်ဆင့် မိမိကျေးရွာပတ်ဝန်းကျင်ရှိ လူငယ်များအပြင် မဲဆန္ဒရှင် ပြည်သူများကို ပြန်လည်မျှဝေပေးဖို့ စီစဉ်ထားကြောင်း သိရသည်။
“သင်တန်းကိုတော့ ကိုဗစ်ရောဂါအခြေအနေကြောင့် သတ်မှတ်ခွင့်ပြုပေးတဲ့လူဦးရေနဲ့ပဲ လုပ်ရတဲ့အခါကျတော့ သူတို့ကို ဒီကနေတစ်ဆင့်ပေါ့နော်၊ သူတို့ရဲ့ သူငယ်ချင်းတွေ သူတို့ပတ်ဝန်းကျင်က လူတွေ၊ ရပ်ကွက်ကျေးရွာတွေအားလုံးက မဲပေးမယ့် လူတွေကို ပြန်လည်မျှဝေပေးဖို့ရယ်၊ ကိုဗစ်ကာလမှာ မဲပေးတဲ့အခါ ဘယ်လိုစနစ်တကျပေးဖို့ရယ်၊ ပြန်လည်မျှဝေပေးသွားဖို့ကို ပြောကြားထားပါတယ်။” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုအခြေအနေကြောင့် သင်တန်းသား ၂၀ ကို ၂ ရက်ကြာ သင်ကြားပေးခဲ့ကြောင်း သိရသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ပထမဆုံးအကြိမ် မဲပေးမည့် လူငယ် (၁)သိန်းကျော်အပါအဝင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၈)သိန်းနီးပါးရှိကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏စာရင်းအရ သိရသည်။
ဝင်းမင်းသန်း(ပြန်/ဆက်)


