ရန်ကုန် ၁၉ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးနှင့် ပူးပေါင်းအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်လည်ပတ်နေသော စက်ရုံတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး၌ သတ်မှတ် စည်းကမ်းနှင့်အညီ လိုက်နာမှုရှိ၊ မရှိအား Online စနစ်ဖြင့် အောက်တိုဘာ ၁၉ ရက် နံနက် ၈ နာရီက ရွှေလင်ပန်း၊ ရွှေပြည်သာဇုန် ၁ နှင့် သာဓုကန်စက်မှုဇုန်တို့ရှိ စက်ရုံ ၁၀ ရုံအား စတင် စစ်ဆေးခဲ့ကြောင်း သိရသည်။
“ယနေ့နံက် ကျွန်တော်တို့ စက်မှုဇုန်နှစ်ခုက စက်ရုံကို စစ်ဆေးပါတယ်။ စစ်ဆေးခံ စက်ရုံများအနေနဲ့ A အဆင့်ရသည်ဖြစ်စေ ၊Bအဆင့် ရသည်ဖြစ်စေ လက်ရှိ အခြေအနေကို ထိန်းထားပြီး B အဆင့်ရတဲ့ စက်ရုံအနေဖြင့်လည်း A အဆင့်ရအောင် ဆောင်ရွက်ပေးထားဖို့ မစစ်ဆေးမီထဲက မှာကြားထားပါတယ်။ ကိုဗစ်-၁၉ ပထမလှိုင်းမှာလည်း အလေ့အကျင့်ရထားတာကြောင့် စက်ရုံပြန်ဖွင့်တဲ့အခါမှာလည်း အခက်အခဲ သိပ်မရှိကြပါဘူး။ ဝန်ကြီးကိုယ်တိုင် ဦးစီးပြီး သေသေချာချာ မေးမြန်းစစ်ဆေးတာကို တွေ့ရပါတယ်”ဟု ရွှေပြည်သာ စက်မှုဇုန် ၁ ၊ဝါးတစ်ရာနှင့် သာဓုကန်စက်မှု ဇုန် ဉက္ကဋ္ဌ ဦးမျိုးသိန်းက ပြောသည်။
စက်မှုဇုန် သုံးဇုန်ရှိ စက်ရုံ ၁၀ ရုံမှ အလုပ်သမားများ စက်ရုံအတွင်း ဝင်ရောက်ရာ၌ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး စီမံ ဆောင်ရွက်ထားရှိခြင်း၊ အပူချိန်တိုင်းခြင်းနှင့် ဆေးဖျန်းခြင်း၊ စက်ရုံအတွင်း နှာခေါင်းစည်း၊ လက်အိတ်၊ မျက်နှာအကာတပ်ဆင်ခြင်း၊ ခြေနင်း လက်ဆေးကန်၊ ခြေနင်းအမှိုက်ပုံးနှင့် လက်သန့်ဆေးရည် ထားရှိခြင်း၊ လုပ်ငန်းခွင်နှင့် ထမင်းစား ဆောင်၌ လုပ်သားများ ခြောက်ပေအကွာ နေရာချထားခြင်း၊ သန့်စင်ခန်းနှင့် ရေကန်တို့ သန့်ရှင်းစွာထားရှိခြင်း၊ စက်ရုံ ကြို/ပို့ အလုပ်သမားများ ယာဉ်စီးနင်းမှု အခြေအနေနှင့် လက်ရှိစက်ရုံ အခြေအနေအား အလုပ်သားတစ်ဦးထံ Video Call ဖြင့် တိုက်ရိုက် မေးမြန်းခြင်းတို့ကို Online စနစ်ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့စစ်ဆေးရာ၌ ရွှေလင်ပန်း စက်မှုဇုန်မှ စက်ရုံခြောက်ရုံ၊ ရွှေပြည်သာ ဇုန် ၁ မှ စက်ရုံနှစ်ရုံနှင့် သာဓုကန်စက်မှုဇုန်မှ စက်ရုံနှစ်ရုံတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
“ဒီမနက်ပိုင်းမှာ စက်ရုံခြောက်ရုံ ကို Online ကနေ စစ်ဆေးမေးမြန်းပါတယ်။ အလုပ်သမားတွေ စက်ရုံထဲ စဝင်တာကစပြီး လုပ်ငန်းခွင် ဝင်ရောက်မှုနဲ့ ကြို/ပို့ကဏ္ဍက အဆုံးမေးမြန်း စစ်ဆေးတာအားလုံး အဆင်ပြေပါတယ်။ အရင်က A,B အဆင့်ရထားတဲ့ စက်ရုံတွေ ဖွင့်ခွင့်ရထားတာကြောင့် စစ်ဆေးပြီးတဲ့အခါမှာ ပြန်ပြီးသတ်မှတ် ပေးမလားမသိဘူး။ လူထောင်ကျော်ရှိတဲ့ စက်ရုံတွေအနေနဲ့တော့ အခက်အခဲရှိမယ်။ နည်းပညာ အသုံးချပြီး စစ်ဆေးတဲ့အတွက် အချိန်ကုန်သက်သာပြီး ပိုပြီးထိရောက်တယ်လို့မြင်တယ်။ ဒုတိယလှိုင်း ဖြစ်ချိန်မှာ စက်ရုံများအတွက် အကောင်းဆုံး ကာကွယ်နည်းလမ်းလုပ်ဆောင်မှုလို့မြင်ပါတယ်”ဟု ရွှေလင်ပန်း စက်မှုဇုန်ဉက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ဦးစီး၍ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ Online ဖြင့် စက်ရုံများ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ဆောင်ရွက်ထားရှိမှု ရှိ၊မရှိကို စတင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ရွှေလင်ပန်း စက်မှုဇုန်တွင် စက်ရုံပေါင်း ၄၀ဝ ခန့်၊ ရွှေပြည်သာ စက်မှုဇုန် ၁ တွင် စက်ရုံပေါင်း ၁၉၀ ခန့်၊ သာဓုကန် စက်မှုဇုန်တွင် စက်ရုံပေါင်း ၁၀ဝ ခန့်နှင့် ဝါးတစ်ရာ စက်မှုဇုန်၌ စက်ရုံ ၇၀ ခန့်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်လျက်ရှိသော စက်ရုံများကို Online ၊ Video Call ဖြင့်ဆက်လက် စစ်ဆေးသွားမည်ဟု သိရသည်။
သတင်း- သန်းထိုက်


