လိုင်လင်းပီ ၁၉ အောက်တိုဘာ
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ အောက်တိုဘာ (၁၈)ရက် ညနေပိုင်းအချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများနှင့်အတူ မြေစာများ မျောပါလာမှုကြောင့် ရေစီးလမ်းကြောင်းပြောင်းကာ လူနေအိမ် အတွင်းသို့ ရေနှင့် မြေစာများစီးဝင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ တောင်ကျရေများစီးကျလာသည့်နေရာသည် လိုင်လင်းပီမြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်တို့ ဆက်သွယ်ရာ အဓိကလမ်းမကြီးဖြစ်ပြီး တောင်ကျရေများနှင့်အတူမျောပါလာသည့် မြေစာများ ကတ္တရာလမ်းမပေါ်နှင့် လမ်းဘေးရှိရေမြောင်းပေါ်သို့ကျရောက်၍ ရေစီးလမ်းကြောင်း ပြောင်းကာ အမှတ်(၂)ရပ်ကွက်ရှိ လူနေအိမ်အတွင်းသို့ ရေနှင့်မြေစာများ လူနေအိမ်အတွင်း စီးဝင်မှုကြောင့် လိုင်လင်းပီမြို့၊ နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပူးပေါင်း၍ မြေစာများကို အချိန်မီရှင်းလင်းနိုင်ခဲ့ကြကြောင်း သိရသည်။
"မွန်းလွဲ(၁)နာရီအချိန်လောက်ကစပြီး မိုးရွာတာ။ အဲဒါနဲ့ အမှတ်(၂)ရပ်ကွက်မှာ လမ်းပေါ်မြေစာတွေ ပြိုကျလာပြီး အိမ်ထဲ ရေတွေဝင်နေတယ်လို့ သတင်းရတာနဲ့ချက်ချင်း ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ အမြန်ဆုံး သွားရောက်ပြီး မြေစာတွေရှင်းရတယ်။ မိုးကလည်း သည်းနေတော့ မူလရေစီးလမ်းကြောင်းကို အမြန်ပြန်ဖော်ပေးရတယ်။ မြေစာတွေကများလွန်းလို့ လူအင်အားနှင့် မနိုင်တာကြောင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က ဂျေစီဘီစက်ကြီးငှားပြီး ရှင်းလင်းခဲ့ရတယ်” ဟု နယ်မြေမီးသတ်စခန်းတာဝန်ခံ ဦးလျန်တီလ်က ပြောကြားသည်။
ယင်းတောင်ကျရေများနှင့် မြေစာများလူနေအိမ်အတွင်းသို့ စီးဝင်မှုကြောင့် လူနေအိမ်အပါအဝင် လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်းနှင့် မြေစာများကိုလည်း ဂျေစီဘီစက်ကြီးဖြင့် စနစ်တကျသယ်ယူစွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
ယာကမ်(ပြန်/ဆက်)


