နေပြည်တော် ၁၉ အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတိုပြိုင်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတိုပြိုင်ပွဲကို ရန်ကုန် တက္ကသိုလ်ကြီး၏ သမိုင်းအစဉ်အလာ ကြီးမားခဲ့မှုများ၊ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်ကြီးအဖြစ် တည်ရှိခဲ့မှုများနှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စနစ်များနှင့်အညီ ပညာသင်ကြားနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနေမှုများအားလည်းကောင်း၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော တက္ကသိုလ်ကြီးတစ်ခု ပေါ်ပေါက်လာစေရန်နှင့် လူ့အဖွဲ့အစည်းနှင့် ကမ္ဘာကြီးကို အကျိုးပြုနိုင်သော စွမ်းဆောင်ရည် ပြည့်ဝသည့် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်နေမှုများ အားလည်းကောင်း ဖော်ညွှန်းရေးသား ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

ဆောင်းပါးပြိုင်ပွဲ

 

ဆောင်းပါးပြိုင်ပွဲသို့ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ဆောင်းပါးပြိုင်ပွဲကို “ရာပြည့်တက္ကသိုလ် မြကျွန်းညိုခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပုံနှိပ်ဖော်ပြခြင်းမရှိသေးသည့် စာမူအား A4 စာရွက်ဖြင့် စာမျက်နှာ ၅ မျက်နှာမှ ၇ မျက်နှာအထိ ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ ယှဉ်ပြိုင်ရပါမည်။

 

ကဗျာ၊ ဝတ္ထုတိုပြိုင်ပွဲ

 

ကဗျာနှင့် ဝတ္ထုတိုပြိုင်ပွဲသို့ နှစ်သက်ရာခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်သည်။ ကဗျာပြိုင်ပွဲသို့ ပုံနှိပ်ဖော်ပြဖူးခြင်းမရှိသေးသည့် စာမူအား A4 စာရွက်ဖြင့် စာမျက်နှာ ၁ မျက်နှာမှ ၂ မျက်နှာအထိ ကွန်ပျူတာစာစီ၍လည်းကောင်း၊ ဝတ္တုတိုပြိုင်ပွဲသို့ ပုံနှိပ်ဖော်ပြဖူးခြင်း မရှိသေးသည့် စာမူအား A4 စာရွက်ဖြင့် စာမျက်နှာ ၅ မျက်နှာမှ ၇ မျက်နှာအထိ ကွန်ပျူတာစာစီ၍လည်းကောင်း ပေးပို့ယှဉ်ပြိုင်ရမည်။

 

ပြိုင်ပွဲဝင်သူများသည် ပြိုင်ပွဲဝင်စာမူ နှစ်စောင်ကို ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်း ဝန်ခံချက် ရေးသား၍ လိုင်စင်ဓာတ်ပုံနှစ်ပုံ၊ ကိုယ်ရေးမှတ်တမ်းအကျဉ်းတို့နှင့်အတူ ပေးပို့ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင် ဆောင်းပါးများကို နိုဝင်ဘာလ (၁၆)ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ ဦးအောင်ကျော်ထက်၊ ဒုတိယညွှန်ကြားရေးမှူး(ထုတ်လုပ်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အမှတ် ၂၂၈၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့သို့ ဆက်သွယ်ပေးပို့ရမည် ဖြစ်သည်။

 

သတင်းစဉ်