နေပြည်တော် ၁၉ အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ  ကာတွန်းပြိုင်ပွဲကို “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဉ်ဖြင့်  ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ကြီး၏ သာယာလှပမှုများ၊ အေးချမ်းပျော်ရွှင်မှုများ၊ ကြည်နူးဝမ်းမြောက်ဖွယ်ရာများ၊  နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်ကြီးအဖြစ် တည်ရှိခဲ့မှုများ၊ သမိုင်းအစဉ်အလာကြီးမားခဲ့မှုများနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန် လိုအပ်ပုံများ စသည်တို့ကို ဖော်ညွှန်းရေးဆွဲယှဉ်ပြိုင်ရမည် ဖြစ်သည်။

 

ကာတွန်းပြိုင်ပွဲ

 

ကာတွန်းပြိုင်ပွဲသို့ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်တစ်ဦးလျှင် ပုံနှိပ်ဖော်ပြခြင်း မရှိသေးသည့် ကာတွန်းတစ်ပုံသာ ပါဝင်ယှဉ်ပြိုင်ရမည်။ ပြိုင်ပွဲဝင် ကာတွန်းများကို လက်ဖြင့်ဖြစ်စေ၊ ကွန်ပျူတာဖြင့်ဖြစ်စေ ရေးဆွဲယှဉ်ပြိုင်နိုင်ပြီး A3 အရွယ်စာရွက်ဖြင့် ရေးဆွဲပေးပို့ယှဉ်ပြိုင်ရပါမည်။ ပြိုင်ပွဲဝင်သည့် ကာတွန်းကို ဆေးရောင်စုံခြယ်၍ ယှဉ်ပြိုင်နိုင်သော်လည်း ရောင်စုံခဲတံ၊ ရောင်စုံ ဖယောင်းနှင့် အနုမြူဆေးရောင်စုံတို့ကို အသုံးမပြုရပါ။

 

ပေးပို့ရန်

 

ပြိုင်ပွဲဝင်သူများသည် ပြိုင်ပွဲဝင်ကာတွန်းကို ကိုယ်တိုင်ရေးကာတွန်းဖြစ်ကြောင်း ဝန်ခံချက် ရေးသား၍ လိုင်စင်ဓာတ်ပုံနှစ်ပုံ၊ ကိုယ်ရေးမှတ်တမ်းအကျဉ်းတို့နှင့်အတူ ပေးပို့ရမည်ဖြစ်သည်။  ပြိုင်ပွဲဝင်ကာတွန်းများကို နိုဝင်ဘာလ (၁၆)ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ ဦးအောင်ကျော်ထက်၊ ဒုတိယညွှန်ကြားရေးမှူး(ထုတ်လုပ်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အမှတ် ၂၂၈၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့သို့ ဆက်သွယ်ပေးပို့ရမည် ဖြစ်သည်။

 

သတင်းစဉ်