မြဝတီ  ၁၉  အောက်တိုဘာ

 

မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်မှု ဒုတိယအများဆုံးဆောင်ရွက်နေသည့် မြဝတီမြို့ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေး တံတားတွင် နှစ်နိုင်ငံကုန်သွယ်မှုကို ယမန်နေ့ မွန်းလွဲ ၃ နာရီကစပြီး  ၇ ရက်ယာယီရပ်ဆိုင်းလိုက်ကြောင်း မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံမှ သိရသည်။

 

ထိုသို့ အမှတ်(၂)ချစ်ကြည်ရေးတံတားကြီးတွင် နှစ်နိုင်ငံကုန်သွယ်မှုကို ကန့်သတ်ရပ်ဆိုင်းလိုက်ပေမယ့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို ပြန်လာမည့် ပြည်ပပြန်များကို ဆက်လက်လက်ခံသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံက ကုန်သွယ်မှု ၇ ရက်ကန့်သတ် ပေမယ့် မြန်မာဘက်က ပြန်ဖွင့်သည့်အခါ ပြည်ထောင်စုအစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့သာ ဆောင်ရွက်ရမှာဖြစ်ကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

 

နှစ်နိုင်ငံကုန်သွယ်မှုကန့်သတ်ခြင်းကို ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်မှ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ရောဂါကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခြင်းနှင့်အတူ ထိုင်းနိုင်ငံဖက်သို့ ဝင်ရောက်ပြီး ကားဖြင့် ကုန်ပစ္စည်းလာရောက် တင်ဆောင်နေသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို အမှတ်(၂)ချစ်ကြည်ရေးတံတားတွင် စစ်ဆေးမှုအရ ယာဉ်မောင်း (၂)ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ပြီး မဒီနာရပ်ကွက်တွင် နေထိုင်သူရောဂါကူးစက်ခံရသူ ၅ ဦးတွေ့ရှိခဲ့သည့် အတွက် နှစ်နိုင်ငံကုန်သွယ်မှုကို ကန့်သတ်ရခြင်းဖြစ်ကြောင်း အမိန့်ကြေညာစာတွင် ထည့်သွင်းဖော်ပြထားသည်။

 

အဆိုပါ အမိန့်အရ ၂၀၂ဝပြည့်နှစ်၊ အောက်တိုဘာ ၁၈ ရက် မွန်းလွဲ ၃ နာရီမှ အောက်တိုဘာ ၂၅ ရက် ညနေ ၆ နာရီခွဲ အထိ နှစ်နိုင်ငံကုန်သွယ်မှု ယာယီရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း သိရသည်။

 

ထိန်လင်းအောင်