နေပြည်တော် ၁၉ အောက်တိုဘာ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်အသစ်များကို နေပြည်တော်ရှိ ဝန်ကြီးဌာန နီလာခန်းမမှ Video Conferencing ဖြင့် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဝန်ကြီးဌာနအနေဖြင့် လူဇင်ဘတ် ဖွံ့ဖြိုးရေးအဖွဲ့ (LuxDev) နှင့် ပူးပေါင်းရေးဆွဲခဲ့သည့် Myanmar Tourism Strategic Recovery Roadmap (MTSRR) ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် MTM အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ MTSRR နှင့်အတူ Myanmar Tourism Marketing Strategy 2020-2025 ကိုလည်း ရေးဆွဲခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ မဟာဗျူဟာများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် MTM အနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Destination Management Organizations (DMOs) များ ဖွဲ့စည်းပြီးဖြစ်ရာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းအနေဖြင့် အဆိုပါအဖွဲ့များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းဥက္ကဋ္ဌ ဦးမျိုးသွင်နှင့် လုပ်ငန်းကော်မတီ အသီးသီးမှ တာဝန်ရှိသူများက ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းလျာထားချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးတင်လတ်က Digital Marketing နှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ ခရီးစဉ်ဒေသများ Virtual promotion ဆောင်ရွက်ရေးနှင့် Myanmar Virtual Travel Mart ကဲ့သို့ Online အစီအစဉ်များကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာများ၊ စိုက်ပျိုးရေးအခြေခံခရီးသွားလုပ်ငန်း (Agricultural Tourism) ဖွံ့ဖြိုးရေးနှင့် မြှင့်တင်ကြော်ငြာရေးတို့ကို ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ ခရီးသွားလုပ်ငန်းစစ်တမ်း (Tourism Survey) ကောက်ယူရေးဆိုင်ရာများ၊ ခရီးသွားလုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


