နေပြည်တော် ၁၉ အောက်တိုဘာ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ဥရောပသမဂ္ဂမှ ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ Mr. Saphy Gilles နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် Virtual Meeting စနစ်ဖြင့် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဉရောပသမဂ္ဂမှ ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူများက လာမည့်ရွေးကောက်ပွဲအတွက် နိုင်ငံပိုင်မီဒီယာများ၏ လုပ်ဆောင်ချက်များ၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဉပဒေ၏ အခြေအနေ၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလအတွင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြခဲ့မှု၊ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးမှု၊ ရွေးကောက်ပွဲရလဒ်များကို နိုင်ငံပိုင်မီဒီယာများက ဖော်ပြနိုင်မည့်အခြေအနေ၊ သတင်းတု၊ သတင်းမှားများ တိုက်ဖျက်ရေးတွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လာမည့်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဉရောပသမဂ္ဂမှ ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူများ၏ အမြင်များနှင့် အကြံပြုချက်များကို ပြန်လည်မေးမြန်းရာ ၎င်းတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဥရောပသမဂ္ဂမှ ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ (Senior Electroal Expert) Mr. Saphy Gilles နှင့်အတူ သံရုံးယာယီအကြီးအကဲ Dr. Johann Hesse ၊ Head of Political, Press and Information Section & Minister Counsellor, Mr. Frederic Maduraud ၊ Senior Elections, Governance and Peacebuilding Consultant, Mr. Lidauer Michael ၊ Electoral and Legal Expert, Ms. Ramos- Alves Cristina နှင့် Media Professional Ms. Lase Inta တို့လည်း တက်ရောက်ပြီး ဆွေးနွေးမေးမြန်းခဲ့ကြသည်။
သတင်းစဉ်


