မန္တလေး ၁၉ အောက်တိုဘာ
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်း လူသတ်မှုနှင့် အုပ်စုဖွဲ့ရိုက်နှက်ပြစ်မှု ကျူးလွန်သူများအား အချိန်တိုရက်ပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ ပင်မ (၁၀)လမ်းမကြီးအရှေ့ဘက်၊ စိန်ထိုက်ဆေးဆိုင်အနီး၌ အောက်တိုဘာ ၁၅ ရက်၊ ညနေ ၆ နာရီခွဲတွင် မောင်ဟိန်းထက်ဉီးသည် ဓါးဒဏ်ရာဖြင့် သေဆုံးနေကြောင်းနှင့် ယင်းနေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ဟေမာမာလာတောင်ရပ်ကွက်၊ ၇၈-၇၉ လမ်းကြား၊ ၃၈ လမ်း၌ လူငယ်တစ်စုမှ အုပ်စုဖွဲ့ရိုက်နှက်၍ မောင်ပြည်ငြိမ်းချမ်း၊ မောင်မြင့်ကိုကို၊ မောင်ပြည့်ဇင်အောင်တို့ ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း ကနဉီးသတင်းရရှိခဲ့သည်။
ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုင်းလှထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်တို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် အမှတ်(၇)/(၉) ရဲစခန်းမှ စခန်းမှူးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လိုက်လံစုံစမ်းဖော်ထုတ်ခဲ့ရာ အောင်မင်းခန့် (ခ) အငယ်ကောင်၊ ဇင်ဘိုအအောင် (ခ) ကိုဇင်တို့အား အောက်တိုဘာ ၁၇ ရက် ည ၁၂ နာရီခွဲတွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးထွက်ဆိုချက်များအရ အုပ်စုဖွဲ့ဆက်တိုက် ပြစ်မှုကျူးလွန်သူ ပြည့်ဖြိုးမောင်ပါ (၁၄)ဉီးနှင့် ဇင်ဘိုအောင် (ခ) ကိုဇင်ပါ (၂၀)ဉီးတို့အား ရက်ပိုင်းအတွင်း အသီးသီး ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး အမှတ် (၇)နှင့် အမှတ်(၉) ရဲစခန်းတို့မှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
မန်း(ကိုယ်ပွား)