မန္တလေး ၁၉ အောက်တိုဘာ
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ သံဃာ့ဆေးရုံ Quarantine Center တွင် ဆေးလိပ်မသောက်ရသဖြင့် Quarantine ဝင်နေသူ အမျိုးသားနှစ်ဦး ထွက်ပြေးမှုဖြစ်ခဲ့ပြီး ၎င်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူသွားမည်ဟု သိရသည်။
အဆိုပါ အမျိုးသားနှစ်ဦးသည် အောက်တိုဘာ ၁၈ ရက် နံနက်အစောပိုင်း ၄ နာရီခန့်တွင် ထွက်ပြေးခဲ့ပြီး မွန်းတည့် ၁၂ နာရီခန့်တွင် ပြန်လည်တွေ့ရှိခဲ့သည်။
နံနက်ပိုင်း တာဝန်ကျဆရာမများက အပူချိန်တိုင်းချိန်တွင် လူနှစ်ဦး ပျောက်နေသည်ကို သိရှိခဲ့ရခြင်းဖြစ်သည်ဟု ပြောသည်။
“သက်ဆိုင်ရာ တာဝန်ကျ ရဲတပ်ဖွဲ့နဲ့လိုက်ရှာရင်း ပြန်တွေ့တယ်။ သူတို့စစ်လိုက်တော့ ဆေးလိပ်မသောက်ရလို့ ထွက်ပြေးတာလို့ပြောတယ်" ဟု ချမ်းမြသာစည်မြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာက ပြောသည်။
အဆိုပါအမျိုးသားနှစ်ဦးသည် ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သူများဖြစ်ပြီး ရန်ကုန်မှ မန္တလေးသို့ ပြန်လည်ရောက်ရှိလာချိန် မန္တလေး သံဃာ့ဆေးရုံတွင် Quarantine ဝင်နေရသူများလည်း ဖြစ်သည်။
ဖြိုးအိ


