ရန်ကုန် ၁၉ အောက်တိုဘာ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် ဧရာဝတီဖောင်ဒေးရှင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးမည့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးစခန်း (တိုက်ကြီး) ကို ဆောက်လုပ်လှူဒါန်းသွားမည် ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးစခန်း (တိုက်ကြီး) ကို ရန်ကုန် - ပြည်လမ်းမကြီး၊ မိုင်တိုင်(၄၃/၆) တွင် တည်ဆောက်လျက်ရှိပြီး ကုန်ကျစရိတ်များကို Max Highway Co., Ltd. က ကျခံသွားမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးစခန်း (တိုက်ကြီး) တည်ဆောက်ရေးလုပ်ငန်းများမှာ အောက်တိုဘာလ (၂၀)ရက်တွင် ပြီးစီးမည်ဖြစ်ပြီး တည်ဆောက်ပြီးစီးသွားပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။ ဧရာဝတီဖောင်ဒေးရှင်းသည် မတ်လကတည်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင်လည်း ရောဂါပိုးကူးစက်ခံထားရသူများအား ကုသပေးရန် ဧရာဝတီစင်တာကို တည်ဆောက်ကာ ဆောင်ရွက်ပေးလျက်ရှိပြီး ကပ်ရောဂါကာကွယ် ကုသရေးအတွက် လိုအပ်သည့်နေရာများတွင် ဆက်လက်ပါဝင်ကူညီ လှူဒါန်းသွားမည်ဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-ကိုမိုး


