mdn

ကလျာမိုးမြင့် - ရေးသားသည်

 

ကပ်ရောဂါကို ရင်ဆိုင်နေရတဲ့ ကမ္ဘာ့နိုင်ငံအများအပြားမှာ ကိုဗစ်- ၁၉ အရေးပေါ်ကုသမှုအတွက် ခွင့်ပြုချက်ပေးထားတဲ့ ရမ်ဒက်ဆဗီယာဗိုင်းရပ်စ်သတ်ဆေးအသုံးပြုခြင်းနဲ့ ပတ်သက်ပြီး မူဝါဒလမ်းညွှန် ချက်တွေကို လာမယ့် ရက်သတ္တပတ်တွေအတွင်း ထုတ်ပြန်တော့မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောကြားခဲ့ပါတယ်။

 

ပြည့်ပြည့်စုံစုံထုတ်ပြန်မယ်

 

ကိုဗစ်-၁၉ လူနာတွေကို ရမ်ဒက်ဆဗီယာဆေးနဲ့ ကုသရာမှာ လူနာတွေသေဆုံးမှုကို ကာကွယ်နိုင်တဲ့ ထိရောက်မှု နည်းပါးတယ် သို့မဟုတ် ထိရောက်မှု လုံးဝမရှိဘူးဆိုတဲ့ စမ်းသပ်ကုသမှုရလဒ်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ယခုရက်ပိုင်းအတွင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

 

နိုင်ငံပေါင်း ၃၀ မှာရှိတဲ့ ဆေးရုံပေါင်း ၄၀၀ ကျော် မှာ စမ်းသပ်လေ့လာမှုပြုလုပ်ခဲ့တဲ့ ရလဒ်တွေဖြစ်ပြီး မကြာခင်မှာ အဲဒီရလဒ်တွေနဲ့ ပတ်သက်လို့ ပိုမို ပြည့်ပြည့်စုံစုံ ထုတ်ပြန်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ် အက်ဒဟာနွမ် ဂီဘရီယက်ဆစ်က အောက်တိုဘာ ၁၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

စမ်းသပ်ကုသ

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လုပ်ဆောင်ခဲ့တဲ့ စမ်းသပ်ကုသမှုမှာ ကိုဗစ်-၁၉ အတွက် အလားအလာ ရှိတဲ့ရမ်ဒက်ဆဗီယာနဲ့ ဟိုက်ဒရောက်စီကလိုရိုကွင်းဆေး အပါအဝင် ဆေးလေးမျိုးကိုအသုံးပြုပြီး လေ့လာ စောင့်ကြည့်ခဲ့တယ်လို့သိရပါတယ်။ ရမ်ဒက်ဆဗီယာ ဆေးဟာ ကိုဗစ်- ၁၉ ရောဂါကို ကုသဖို့ အသုံးပြုတဲ့  ဆေးတွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး သမ္မတထရမ့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ခံရလို့ ဆေးရုံတက်ခဲ့ရတဲ့ အတော အတွင်းမှာလည်း ဒီဆေးနဲ့ပဲ ကုသခဲ့တာပါ။

 

ကိုက်ညီမှုမရှိ

 

ကိုဗစ်-၁၉ လူနာတွေကို အသက်မဆုံးရှုံးအောင်  ကာကွယ်နိုင်တဲ့ ထိရောက်မှု နည်းပါးတယ် သို့မဟုတ်  ထိရောက်မှု မရှိဘူးဆိုတဲ့ စမ်းသပ်ကုသမှု တွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး ရမ်ဒက်ဆဗီယာဆေးကို ထုတ်လုပ် တဲ့ ကုမ္ပဏီဖြစ်တဲ့ Gilead ကုမ္ပဏီက ငြင်းဆန်ထားတယ်လို့ သိရပါတယ်။ Gilead က အဲဒီလေ့လာ တွေ့ရှိချက်တွေဟာ တခြားသူတွေ လုပ်ဆောင်ခဲ့တဲ့ စမ်းသပ်မှုရလဒ်တွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ရလဒ် တွေကို ပြန်ပြီးသုံးသပ်ဖို့ လိုအပ်မှာဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။

 

သီးသန့် လုပ်ဆောင်ခဲ့တဲ့ လက်တွေ့ စမ်းသပ်ကုသ မှုအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဟာ ကိုဗစ်-၁၉ အတွက် ကုသဆေးအဖြစ် အလားအလာရှိတဲ့ ဆေးတွေ အဖြစ် အီဘိုလာရောဂါကုသရာမှာသုံးတဲ့ ရမ်ဒက်ဆဗီယာ၊ ငှက်ဖျားရောဂါကုသရာမှာ သုံးတဲ့ ဟိုက်ဒရေက်စီကလို ရိုကွင်း၊ မူးယစ်ဆေးစွဲခြင်းကို ကုသရာမှာသုံးတဲ့ဆေး ၊ အင်တာဖယ်ရွန်နဲ့ အိတ်ခ်ျအိုင်ဗွီ ကုသတဲ့ ဆေးပေါင်း ဖြစ်တဲ့လိုပီနနာဗာနဲ့ ရီတိုနာဗာဆေးတွေရဲ့ ထိရောက်မှုကို လေ့လာ ခဲ့တာဖြစ်ပါတယ်။

 

သေဆုံးမှုကိုမလျှော့ချနိုင်

 

ကုန်ကျစရိတ်နည်းပြီး လက်ရှိဗြိတိန်မှာ အထူး ကြပ်မတ် ကုသဆောင်က ကိုဗစ်-၁၉ လူနာတွေကိုကုသဖို့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ စတီးရွိုက် ဆေးဖြစ်တဲ့  ဒက်ဆာမက်သာဆုန်းဆေးကိုတော့ အဲဒီ လေ့လာမှုမှာ ထည့်သွင်းစမ်းသပ်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

 

နိုင်ငံပေါင်း ၃၀ မှာရှိတဲ့ ရာနဲ့ချီတဲ့ဆေးရုံတွေမှာ အရွယ် ရောက်ပြီး လူနာတွေကို ဖော်ပြပါဆေးလေးမျိုးကို စမ်းသပ် ကုသမှု လုပ်ဆောင်လိုက်တဲ့အခါ ဒီဆေးတွေအားလုံးဟာ ဆေးရုံတက်ရောက်ရတဲ့ ကြာချိန်ကို လျှော့ချနိုင်တဲ့ ထိရောက်မှုနဲ့ လူနာတွေသေဆုံးမှုကိုလျှော့ချနိုင်လောက်တဲ့ ထိရောက်မှု မရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဖော်ပြခဲ့တာဖြစ်ပါတယ်။

 

စမ်းသပ်မှုရပ်နား

 

ဟိုက်ဒရောက်စီကလိုရိုကွင်းဆေးနဲ့ လိုနာဗာ၊ ရီတိုနာဗာဆေးတွေနဲ့ စမ်းသပ်ကုသတာကို ဇွန်လ အတွင်းမှာ ရပ်လိုက်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ သိပ္ပံပညာရှင်များအကြီးအကဲ ဆိုမာ ဆွာမိနာသန်က ပြောကြားခဲ့ပါတယ်။

 

စမ်းသပ်မှုရပ်လိုက်ရတဲ့အကြောင်းကတော့ အဲဒီ ဆေးတွေက အလုပ်မဖြစ်ဘူးဆိုတာကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဘဝင်မကျစရာဖြစ်နေတဲ့ အချက်ကတော့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက လုပ်ဆောင်ခဲ့တဲ့ လေ့လာ စမ်းသပ်မှု ရလဒ်တွေဟာ ယခုလအစောပိုင်းက Gilead ကုမ္ပဏီက လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုရလဒ်တွေနဲ့ ကွဲလွဲနေတယ်ဆိုတဲ့ အချက်ပါပဲ။

 

Gileadရဲ့ စမ်းသပ်လေ့လာမှုမှာ ရမ်ဒက်ဆဗီယာ ဆေးပေးထားတဲ့ လူနာတွေဟာ အာနိသင်မဲ့ဆေးတွေ ပေးထားတဲ့ လူနာတွေထက် ရောဂါပျောက်ကင်းမှုပို မြန်ဆန်တယ်လို့ သိရပါတယ်။ စမ်းသပ်မှုမှာ ကိုဗစ်- ၁၉ ကူးစက်ခံထားရတဲ့ လူနာ ၁၀၀၀ လောက် ပါဝင်ခဲ့ကြပြီး ရမ်ဒက်ဆဗီယာနဲ့ကုသတဲ့ လူနာတွေမှာ တခြားလူနာတွေထက် ငါးရက်လောက်ပြီး ရောဂါ ပျောက်ကင်းသွားကြတယ်လို့ ဖော်ပြထားတာဖြစ်ပါ တယ်။

 

မူဝါဒဆိုင်ရာ လမ်းညွှန်ချက်ထုတ်ပြန်မည်

 

ရမ်ဒက်ဆဗီယာဆေးနဲ့ပတ်သက်လို့ လက်တွေ့ စမ်းသပ်မှု အချက်အလက်တွေကို ပြန်လည်သုံးသပ်ပြီး သွားတဲ့အခါဒီဆေးကို ကိုဗစ်-၁၉ လူနာတွေအတွက် ကုသရာမှာ အရေးပေါ်အနေနဲ့ ဆက်သုံးသင့်၊ မသုံးသင့် ဆုံးဖြတ် နိုင်မှာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သိပ္ပံပညာရှင်များအကြီးအကဲ ဆိုမာ ဆွာမိနာသန်က ဆိုပါတယ်။

 

ရမ်ဒက်ဆဗီယာဆေးနဲ့ပတ်သက်တဲ့ မူဝါဒဆိုင်ရာ လမ်းညွှန်ချက်တွေကိုလည်း လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း ထုတ်ပြန်မှာဖြစ်တယ်လို့ ၎င်းက ပြောကြားလိုက်ပါတယ်။

 

ကာကွယ်ဆေးမျှော်လင့်ချက်

 

ကမ္ဘာတစ်ဝန်းမှာကိုဗစ်-၁၉ကူးစက်ဖြစ်ပွားမှုဟာ အရှိန်အဟုန်နဲ့ ဝင်ရောက်လာနေချိန် ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်တွေဟာ သေချာရေရာတဲ့ အနေအထား မရောက်သေးခင်မှာ ရောဂါကုသဆေး ဖြစ်တဲ့ ရမ်ဒက်ဆဗီယာဆေး စမ်းသပ်ကုသမှုရလဒ် တွေနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဖော်ပြချက်က ပြည်သူတွေအတွက် အားလျော့သွား စေတာတော့အမှန်ပဲဖြစ်ပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လက်ရှိမှာ ကိုဗစ်၁၉ကြောင့်အပြင်းဖျားတဲ့လူနာတွေအတွက် ထိရောက် မှုရှိတဲ့ တစ်ခုတည်းသောဆေးကတော့ အဆုတ်ရောင် ရောဂါကုသတဲ့ စတီးရွိုက်ဒက်ဆာမက်သာဆုန်းဆေး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

ကိုးကား- အင်န်အိတ်ချ်ကေ