မကွေး  ၂၀  အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၂၅ မြို့နယ် နှင့် မြို့ ၇ မြို့ (စုစု ပေါင်း မြို့ ၃၂ မြို့ )ထဲမှ မြို့ ၂၂ ခုတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅၁ ဦးထိ ရှိလာပြီဖြစ်ပြီး ယင်းတို့ထဲတွင် ကျန်းမာရေး ဝန်ထမ်း ၃ ဦး ပါဝင်နေကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။

 

RDT Test Kits ဖြင့် စစ်ဆေးချက်အရ မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ နေ့စဉ်လိုလို တိုးပွားနေပြီး တစ်ရက်တည်းတွင် positive လူနာ ၆၀  အထိ စံချိန်တင် တွေ့ရှိမှုလည်း ရှိခဲ့သည်။

 

" မကွေးတိုင်းမှာ ကိုဗစ်ပိုးတွေ့သူတွေ ထပ်တိုးလာပါတယ်။ ကျန်းမာရေးဝန်ထမ်း (၃)ဦး ကူးစက်ခံခဲ့ရ ပါပြီ။ ပရဟိတလူမှုကူညီသူများလည်း ကူးစက်နိုင်ခြေ (Risk) များပါတယ်။ အထူး ဂရုပြုကြပါ '' ဟု မကွေး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန ၊ တိုင်းဦးစီးမှူး ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်က ပြောသည်။

 

အောက်တိုဘာ ၂၀ ရက်နေ့ မနက်ပိုင်းတွင် NHL အဖြေအရ မကွေး (၁၆) ဦး ၊ မြို့သစ် (၁၆) ဦး ၊ ရေနံချောင်း (၇) ဦး၊ စလင်း (၅) ဦး ၊ ပခုက္ကူ ( ၂) ဦး ၊ မင်းလှ (၁) ဦး ၊ ပေါင်း (၄၇) ဦး နှင့် မကွေးတိုင်းဆေးရုံကြီးတွင် အနံ့ပျောက်သံသယ PUI တစ်ဦးအား RDTဖြင့် အမြန်စစ်ဆေးရာ positive အဖြေထွက်ခဲ့သည်။

 

ယနေ့ပိုးတွေ့သူ ၄၈ဦးထဲမှ အများစုမှာ ရန်ကုန်ပြန် FQ ဝင်နေသူများဖြစ်ပြီး ယခင် positive လူနာများ နှင့် ထိတွေ့ contact များလည်း ပါဝင်ကြောင်း ဒေါက်တာသောင်းလှိုင်ထံမှ သိရသည်။

 

ထူးခြားချက်တစ်ရပ်အနေဖြင့် မကွေးတိုင်းအတွင်း ပိုးတွေ့လူနာများထဲမှ သေဆုံးခဲ့သူမရှိဘဲ ပိုးတွေ့သူ ၃၅၁ ဦးအနက် ၂၀၁ ဦးမှာ ကျန်းမာရေးကောင်း၍ ဆေးရုံမှ ဆင်းခွင့်ရသွားပြီ ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

 

ဇေယျတု ( မကွေး)