ကျိုင်းတောင်း ၂၀ အောက်တိုဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ ကျိုင်းတောင်းတိုက်နယ်ဆေးရုံရှိ ပင်မဆောင်၊ အမျိုးသားဆောင်၊ အမျိုးသမီးဆောင်၊ ခွဲစိတ်ဆောင်နှင့် စတိုဆောင် တို့၏ ခေါင်မိုးများ မျက်နှာကြက်များနှင့် လျှပ်စစ်ဝါယာကြိုးများ အသစ်လဲလှယ် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်နယ်ဆေးရုံ၏ အဆောင်များသည် လွန်ခဲ့သော နှစ်ပေါင်း(၄၀) ကျော်ကာလခန့်က တည်ဆောက်ထားခြင်းဖြစ်သောကြောင့် နှစ်ကာလကြာရှည်လာသည်နှင့်အမျှ အဆောင်၏ ခေါင်မိုးများ မျက်နှာကြက်များ ဝါယာကြိုးများ ဟောင်းနွမ်းပျက်စီးနေခြင်း၊ မိုးယိုခြင်း၊ ချစားခြင်း၊ ဆေးရုံတက် လူနာများသည်လည်း သက်တောင့်သက်သာဖြင့် ဆေးရုံမတက်နိုင်ခြင်း တို့ကြောင့် အသစ်လဲလှယ် ပြင်ဆင်မွမ်းမံခြင်းများ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း ကျိုင်းတောင်းတိုက်နယ်ဆေးရုံ တာဝန်ခံ ဒေါက်တာဝင်းထက်မွန် ထံမှ သိရသည်။

 

ထိုသို့ ပြင်ဆင်ဆောင်ရွက်ရာတွင် ICRC မှ လှူဒါန်းငွေသိန်း(၃၅၀)အပြင် ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတို့ ၏ပါဝင်လှူဒါန်းငွေသိန်း(၁၀၀)ခန့် စုစုပေါင်းငွေကျပ် သိန်း(၄၅၀)ခန့်ဖြင့် Kyaw. K & K Co.,ltd မှ တာဝန်ယူ ဆောင်ရွက်၍ အဆိုပါ ပြင်ဆင်ခြင်းကို စက်တင်ဘာ ၂၀ ရက်မှ  လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ပြင်ဆင်ဆောင်ရွက်နေမှု (၃၅)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း Kyaw. K & K Co.,ltd၏ တာဝန်ရှိသူ MD ဦးဝေယံကျော် ထံမှသိရသည်။

 

ယင်း ပြင်ဆင်မွမ်းမံခြင်းများ ပြီးစီးသွားပါက လူနာများအနေဖြင့် ယခင်အဆောင်ဟောင်းတွင် ကြုံတွေ့ခဲ့ရသော ဒုက္ခအမျိုးမျိုးကို မကြုံရတော့ဘဲ စိတ်ချမ်းသာစွာဖြင့် ဆေးရုံတက်နိုင်မည် ဖြစ်သည်။

 

ကျိုင်းတောင်း(ပြန်/ဆက်)