အိမ်မဲ ၂၀ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ၍ ယာယီဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေသည့်လူနာ(၅)ဦးသည် အောက်တိုဘာ ၁၉ ရက်က ရောဂါသက်သာပျောက်ကင်း၍ဆေးရုံမှ တတိယအကြိမ်မြောက် ဆင်းခွင့်ရရှိကြောင်း သိရသည်။
"ယာယီဆေးရုံကနေ တတိယအကြိမ်မြောက် ဆင်းခွင့်ရရှိတဲ့လူနာ(၅)ဦးမှာ လူနာ(၂)ဦးက အိမ်မဲမြို့နယ် ကျုံစိန်ကျေးရွာမှ အသက်(၂၃)နှစ်နဲ့ (၂၀)နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာလွန်ခဲ့တဲ့ (၃)လခန့်ကမှ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ မှန်ဘီလူးစက်ရုံမှာ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး အောက်တိုဘာ(၆)ရက်နေ့က အိမ်မဲမြို့သို့ ပြန်လည်ရောက်ရှိခဲ့တဲ့အတွက် ရွာသစ်ကျေးရွာ(အ-ထ-က) မှာ အသွားအလာ ကန့်သတ်ထားရှိခဲ့ပါတယ်။ အောက်တိုဘာ(၇)ရက်နေ့မှာ သူတို့ရဲ့ ဓာတ်ခွဲနမူနာတွေ ရယူပြီး ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနကို ပို့ဆောင် စစ်ဆေးခဲ့ပြီး အောက်တိုဘာ(၁၂)ရက်နေ့ည(၈)နာရီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပိုးတွေ့ရှိကြောင်းသိရတဲ့အတွက် ညတွင်းချင်းပဲ ယာယီဆေးရုံကို ပိုပြီးဆေးကုသမှုခံယူစေပါတယ်။
“နောက်တစ်ယောက်ကတော့ အသက်(၂၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူဟာ ရန်ကုန်တိုင်းဗိုလ်တထောင်မြို့နယ်မှာ နေထိုင်ပြီး ပုဇွန်တောင်မြို့နယ်မှာရှိတဲ့ Skynet ရုံးတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး အောက်တိုဘာလ (၃)ရက်က အိမ်မဲမြို့သို့ပြန်လာတဲ့အတွက် အ-ထ-က(၁) အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းမှာ ထားရှိပါတယ်။ အောက်တိုဘာလ(၄) ရက်နေ့မှာ အနံ့ပျောက်လာတယ်လို့ ပြောတဲ့အတွက် အိမ်မဲပြည်သူ့ဆေးရုံသို့ သံသယလူနာအဖြစ် လွှဲပြောင်းကုသခဲ့ပြီး (၅)ရက်နေ့မှာ သူရဲ့ ဓာတ်ခွဲနမူနာ ရယူပြီးပေးပို့စစ်ဆေးခဲ့ရာ (၁၂)ရက်နေ့မှာ ပိုးတွေ့ကြောင်း သိရတဲ့အတွက် ယာယီဆေးရုံကို လွှဲပြောင်း ကုသစေတာပါ။
“နောက်တစ်ဦးကတော့ ချောင်းဝပိုင်းရပ်ကွက်(၄)လမ်းမှာနေတဲ့ အသက်(၃၂)နှစ်အရွယ် အမျိုးသားဖြစ်ပြီး အိမ်မဲမြို့နဲ့ ဘုရင်နောင်ကုန်စည်ဂိတ်မှာ ကားမောင်းနေတာဖြစ်ပြီး စက်တင်ဘာလ (၂၉)ရက်နေ့မှာ အ-ထ-က(၁) အသွားအလာကန့်သတ်စောင့်ကြည့်တဲ့နေရာကို ရောက်ရှိခဲ့တာပါ။ အောက်တိုဘာ(၇)နေ့မှာ သူ့ရဲ့ဓာတ်ခွဲနမူနာတွေရယူပြီး အမျိုးသားဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ (၁၂)ရက်နေ့မှာ ပိုးတွေ့ကြောင်းသိရတဲ့အတွက် ယာယီဆေးရုံကို လွှဲပြောင်းကုသစေတာပါ။
နောက်တစ်ဦးကတော့ ကျုံစိန်ကျေးရွာအုပ်စု ဉာဏ်တောကွင်းကျေးရွာမှာ နေထိုင်တဲ့အသက်(၄၂)နှစ် အရွယ်အမျိုးသားဖြစ်ပါတယ်။ သူဟာလွန်ခဲ့သော(၃)လခန့်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ သွားရောက်အလုပ်လုပ်ကိုင်ပြီး အောက်တိုဘာ(၆) ရက်နေ့က နေရပ်သို့ပြန်လည် ရောက်ရှိတဲ့အတွက် ရွာသစ်ကျေးရွာ အ-ထ-က မှာ အသွားအလာ ကန့်သတ်ထားရှိပါတယ်။ အောက်တိုဘာ (၇)ရက်နေ့မှာ သူရဲ့ဓာတ်ခွဲနမူနာတွေရယူပြီး ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနသို့ ပေးပိုစစ်ဆေးခဲ့ရာ (၁၃)ရက်နေ့မှာ ပိုးတွေ့ရှိကြောင်း သိရတဲ့အတွက် အဲ့ဒီနေ့မှာပဲ ယာယီဆေးရုံကိုလွှဲပြောင်း ကုသစေတာပါ။ ယခုလူနာ(၅)ဦးမှာ ရောဂါလက္ခဏာ သက်သာပျောက်ကင်းတဲ့အတွက် ဆေးရုံကဆင်းခွင့်ရရှိတာ ဖြစ်ပါတယ်လို့" အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။
Covid-19 ယာယီဆေးရုံမှ ဆင်းခွင့်ရရှိသော လူနာ(၅)ဦးကို အိမ်တွင် Home Quarantine (၇)ရက် စောင့်ကြည့်သွားမှာဖြစ်ကြောင်းနှင့် ယာယီဆေးရုံတွင် ပိုးတွေ့ရှိ၍တက်ရောက်ကုသသော လူနာ(၂)ဦးသာ ကျန်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)


