ပွင့်ဖြူ ၂၀ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့(အ.ထ.က)ကျောင်း ယာယီသီးခြားလူနာကုသဆောင်တွင် ထားရှိပြီး ဆေးကုသပေးနေသော ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့လူနာ (၇)ဦးအား ရောဂါသက်သာ ပျောက်ကင်း စေရေးအတွက် ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး သုံးပစ္စည်းများ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးရာတွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် ကော်မတီအဖွဲ့ဝင်များ ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ အဖွဲ့က ပွင့်ဖြူမြို့၊(အ.ထ.က)ကျောင်း ယာယီ သီးခြားလူနာ ကုသဆောင်ရှိ ကိုဗစ်ပိုးတွေ့လူနာ ကျား(၄)ဦး ၊ မ(၃)ဦး အား တွေ့ဆုံပြီး ကိုဗစ် - ၁၉ ရောဂါ သက်သာပျောက်ကင်းရေးအတွက် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာသိကောင်းစရာများ ကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် (Vitor) အားဆေး (၁)ဘူးစီ ၊ (Orazine – 50 M) အားဆေး(၁)ဘူးစီ ၊ Oximeter (၂) ခု ၊ ဒီဂျစ်တယ်သွေးပေါင်ချိန်တိုင်းစက် (၂)ခု ၊ ကိုယ်အပူချိန်တိုင်းစက်(၂)ခု ၊ အင်တာနက် အသုံးပြုရန်အတွက် 10 GB (ပါ) Ooredo SIM Card (၁)ခု စီ တို့ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့အပြင် ယာယီ သီးခြားလူနာကုသဆောင်တွင် နေထိုင်စဉ်ကာလ ကိုဗစ် - ၁၉ ရောဂါ အမြန်သက်သာ ပျောက်ကင်း စေရေးအတွက် အာဟာရှိသော အစားအစာများ စားသုံးရန် ၊ ကျန်းမာရေး အထူးဂရုပြု နေထိုင်သွားကြရန် ၊ အားဖြစ်စေရန် အိပ်ရေဝဝ အိပ်ကြရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထား ဆောင်ရွက်သွားရန်နှင့် မိမိကိုယ်ကို ပျော်ရွှင်အောင် နေထိုင်သွားကြရန်တို့ကို အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ပြန်/ဆက် )


