၂၁ အောက်တိုဘာ
မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက ပီအက်စ်ဂျီကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့နိုင်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် မတ်လအတွင်း မန်ယူက ပီအက်စ်ဂျီကို အနိုင်ရခဲ့တဲ့ ပွဲတုန်းကထက် ပိုမို ထိုက်တန်တဲ့ နိုင်ပွဲဖြစ်ကြောင်း မန်ယူနည်းပြ ဆိုးလ်ရှားက ပွဲအပြီးပြောကြားလိုက်ပါတယ်။
ဆိုးလ်ရှားဟာ အခုပွဲမှာ မန်ယူအသင်းကို ၃-၄-၁-၂ ကစားကွက်နဲ့ ခင်းကျင်းခဲ့ပြီး တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်နဲ့ မာတီယဲလ်တို့နောက်မှာ ဖာနန်ဒက်စ်ကို နောက်ချန် တိုက်စစ်မှူးအနေနဲ့ ထားပြီး ကစားစေခဲ့ရာမှာ မန်ယူ တိုက်စစ်က အလုပ်ဖြစ်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ မန်ယူအသင်းရရှိတဲ့ ပင်နယ်တီကို ဂိုးအဖြစ်မပြောင်းပေးနိုင်တာကလွဲလို့ ကွင်းလယ်နဲ့ တိုက်စစ်ကို ကောင်းမွန်စွာ ချိတ်ဆက်ကစားပေးနိုင်ခဲ့သလို တစ်ပွဲလုံး ခြုံပြီးကြည့်မယ်ဆို ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်က အခြားကစားသမားတွေထက်ပိုမိုသာလွန်ခဲ့တာကို တွေ့ရပါတယ်။
မန်ယူဟာ ယခုနှစ် ရာသီအစမှာ ရလဒ်တွေ ဆိုးရွားခဲ့လို့ နည်းပြဆိုးလ်ရှားရဲ့ မန်ယူနဲ့ အနာဂတ်အပေါ် မေးခွန်းတွေ တစ်ရစပ် ထွက်နေခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နယူးကာဆယ်ကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့သလို အခုလည်း ပီအက်စ်ဂျီကို ပြင်သစ်မြေမှာ ဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့သွင်းဂိုးတွေနဲ့ ပီအက်စ်ဂျီကို နှစ်ဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲတစ်ပွဲ ထပ်မံ ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ဘောလုံးရာသီအတွင်း ပီအက်စ်ဂျီဟာ မန်ယူအသင်းကို အဝေးကွင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် အိမ်ကွင်းမှာတော့ သုံးဂိုး-တစ်ဂိုးနဲ့ ပြန်လည်အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
ဆိုးလ်ရှားက “ပြီးခဲ့တဲ့နှစ်က သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အခုပွဲမှာ ကစားပုံ ပိုကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် ခံစားချက်ကတော့ ကွဲပြားပါတယ်၊ ဒီပွဲက အုပ်စုတွင်း ပထမပွဲဖြစ်ပြီး ၂၀၁၉ပွဲကတော့ ရှုံးထွက်ပွဲဆိုတော့ ပျော်ရွှင်မှုက ပိုမို ကြီးခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
နည်းပြ ဆိုးလ်ရှားက ယခုပွဲမှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို အနားပေးခဲ့သလို အသင်းရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာကိုလည်း ပွဲထွက်လူစာရင်းမှာ အသုံးမပြုခဲ့ပေမယ့် မန်ယူအသင်းရဲ့ ကစားပုံဟာ ကောင်းမွန်ခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့် မန်ယူအသင်းရဲ့ နောက်တန်းကစားပုံဟာ ကျစ်လျစ်ခဲ့တာကြောင့် ပီအက်စ်ဂျီ ထိပ်တန်းတိုက်စစ်မှူးတွေဖြစ်တဲ့ နေမာ၊ ဒီမာရီယာနဲ့ ဘာပေတို့ လှုပ်မရဖြစ်ခဲ့တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။ မန်ယူအသင်းဟာ လာမယ့်အောက်တိုဘာ ၂၄ရက်မှာ ချယ်လ်ဆီးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားမှာဖြစ်ပါတယ်။
မေလဲ့သင်း