ကော့သောင်း ၂၁  အောက်တိုဘာ

 

လငန်းကျွန်းနှင့် ပုလဲကျွန်းကြားပင်လယ်ပြင်တွင် အောက်တိုဘာလ ၁၉ရက်က နစ်မြုပ်ခဲ့သည့် ကော့သောင်းမြို့ခံ ဝိုင်းချုပ်ငါးဖမ်းရေယာဉ် အောင်မင်္ဂလာ-၅ ပေါ်ပါ ရေလုပ်သား ၃၇ ဦးအား သွားရောက်ခေါ်ဆောင်ခဲ့ရာ ယမန်နေ့နံနက်ပိုင်း ကော့သောင်းမြို့သို့ ရောက်ရှိလာပြီး ကော့သောင်းခရိုင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနနှင့် ကော့သောင်းခရိုင် ငါးလုပ်ငန်းအဖွဲ့ချူပ်တို့က လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကူညီထောက်ပံ့မှုအဖြစ် ကော့သောင်းခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးသန့်ဇင်နှင့် ဝန်ထမ်းများက အားပေးစကားပြောကြားကာ ဝန်ထမ်းများ စုပေါင်း၍တစ်ဦးလျှင် ငွေတစ်သောင်းကျပ်စီနှင့် အဝတ်အစားများ ပံ့ပိုးပေးအပ်ခဲ့ကြကာ ကော့သောင်းခရိုင်ငါးလုပ်ငန်းအဖွဲ့ချူပ်နှင့် ကင်းမွန်လုပ်ငန်းရှင်များ အသင်းတို့မှလည်း ရေလုပ်သားတစ်ဦးလျှင် ငွေတစ်သောင်းကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျော်အဏ္ဍဝါကုမ္ပဏီနှင့်ရေယာဉ်ပိုင်ရှင်ဦးဇော်လွင်တို့က ရေလုပ်သားများ နေထိုင်၊ စားသောက်ရေး၊ နေရပ်ပြန်ရေး၊ ဒဏ်ရာရလူနာ ဆေးကုရေး၊ ပျောက်ဆုံးနေသူ ၂ ဦးအားဆက်လက်ရှာဖွေရေးနှင့် နှစ်မြုပ်ရေယာဉ်ပြန်ဖော်ရေးတို့အတွက် ဆက်လက်ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

 

အဆိုပါ အောင်မင်္ဂလာ-၅ အမည်ရှိ ဝိုင်းချုပ်ငါးဖမ်းရေယာဉ်မှာ လငန်းကျွန်းနှင့် ပုလဲကျွန်းကြား ပုလဲကျွန်းအနောက်ဘက်(၂.၆)မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ရာသီဥတုဆိုးရွားကာ လှိုင်းလေပြင်းထန်သဖြင့် အောက်တိုဘာလ ၁၉ရက်နေ့နံနက်ပိုင်းက နစ်မြုပ်ခဲ့ရာ တနင်္သာရီရေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်မတော်(ရေ)စစ်ရေယာဉ်တစ်စီးက လှေသား(၃၉)ဦးအနက် လှေသား(၃၇)အား အသက်ရှင်လျက် ကူညီကယ်ဆယ်ပေးခဲ့ရခြင်းဖြစ်သည်။

 

ကျော်စိုး (ကော့သောင်း)