မန္တလေး  ၂၁  အောက်တိုဘာ

 

မန္တလေးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူနှင့် ထိတွေ့ဆက်နွယ်သူများ များပြားလာသည့်အတွက် ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများကို အသွားအလာ ကန့်သတ်စောင့်ကြည့်နိုင်ရန် မန္တလေးမြို့၊ ၆၅×၆၆လမ်းကြား၊ ၃၂×၃၃လမ်းကြားရှိ မန္တလေး ပညာရေးကောလိပ်ရှိ ညအိပ် အဆောင်သစ်ကို ခုတင် (၁၆၀) ဆံ့ Quarantine Center ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၂၀ ရက်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ယခု ဆောင်ရွက်မယ့် စင်တာဟာ အတည်ပြုလူနာများနဲ့ ထိတွေ့ ဆက်စပ်မိသူတွေကို ထားရှိသွားဖို့ အတွက်ပါ၊ မန္တလေးခရိုင်အတွင်းမှာလည်း မြို့နယ်အလိုက် ရောဂါပိုး တွေ့ရှိသူတွေနဲ့ ထိတွေ့ဆက်နွှယ်သူတွေ များပြားလာတဲ့အတွက်ကြောင့်လည်း လိုအပ်ချက်အရ နေရာတွေ ရှာဖွေပြီး Quarantine Center တွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စံချိန်စံညွှန်းနှင့်အညီ တိုးချဲ့ပြင်ဆင်မူလုပ်ငန်းတွေကို စီမံ ဆောင်ရွက်ကြတာပါ။ ဒီစင်တာ အဆောင်အတွင်းမှာ ပိုးတွေ့လူနာနဲ့ ထိတွေ့ ဆက်စပ်သူ ဦးရေ ၁၆၀  ခန့် ထားရှိနိုင်မယ့် နေရာအခြေအနေ၊ အခန်းဖွဲ့စည်းပုံ၊ ကျန်းမာရေးသုံး ပစ္စည်းကိရိယာတွေ နေရာထိုင်ခင်း အစားအသောက်၊ လေဝင်လေထွက်နဲ့ အဝင်အထွက် လမ်းတွေ စနစ်တကျရှိဖို့၊ သန့်စင်ခန်းနဲ့ ရေရရှိနိုင်မူ အခြေအနေတွေကို မန္တလေးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်  တုံ့ပြန်ရေး ကော်မတီက တာဝန်ရှိသူတွေနဲ့ အတူ ပေါင်းစပ်ညှိနိူင်းခဲ့ပါတယ်။ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကို  အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ယခုပြင်ဆင်လျက်ရှိသော Quarantine Center အပြင် ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအဆင့်မြင့်အားကစားကွင်းအတွင်းရှိ Multipurpose Stadium (Mandalay) Quarantine Center၊ ဧရာဝတီဖောင်ဒေးရှင်းမှ ကမ္မကထပြု၍ ပံ့ပိုးဆောင်ရွက်ပေးသည့် Football  Academy Mandalay ရှိ COVID-19 Quarantine Center၊ ဇီဝိတဒါနသံဃာ့ဆေးရုံ (မန္တလေး ကန်တော်ကြီး) Quarantine Center၊ မန္တလာတက္ကသိုလ် Quarantine Center၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) Quarantine Center တို့ကိုပါ ထားရှိဆောင်ရွက်လျက်ရှိကာ မန္တလေးတိုင်းဒေသကြီးတစ်ခုလုံး အနေဖြင့် Quarantine Center ပေါင်း (၃၀၀)ကျော်ဖြင့် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးရာတွင်လည်း မန္တလေးမြို့တွင် ကန်တော်နဒီဆေးရုံ၊ ခုတင် ၃၀၀ ဆံ့သင်ကြားရေးဆေးရုံ၊ခုတင် ၁၀၀ ဆံ့သင်ကြားရေး တိုင်းရင်းဆေးရုံ(မန္တလေး) တို့အပြင် သက်ဆိုင်ရာ ခရိုင်/မြို့နယ်များရှိ ဆေးရုံအသီးသီးတို့တွင်လည်း ကုသပေးလျက်ရှိကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအခြေအနေမှာ ပို့တွေ့ရှိသူ(၁၁၅၁)ဦးရှိပြီး ရောဂါပျောက်ကင်းသူ(၆၃၃)ဦးရှိကာ သေဆုံးသူ(၂)ဦးရှိပြီး ပိုးတွေ့ကုသဆဲလူနာ(၅၁၆)ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီအထိ ထုတ်ပြန်ချက် စာရင်းများအရ သိရသည်။ ထို့ပြင် Hotel Quarantine ဆောင်ရွက်ထားသူ(၃၁၅)ဦးနှင့် Facility Quarantine ဆောင်ရွက်ထားသူ(၂၅၄၉)ဦး ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)

 

mdn