မိုင်းကိုင် ၂၁ အောက်တိုဘာ

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ပါကော်ကျေးရွာရှိ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်ဖောက်လုပ်မည့် ကုန်ထုတ်လမ်းတစ်လမ်းနှင့် Boxculvert တံတားတစ်စင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ပါကော်ကျေးရွာတွင် အရှည် ၃မိုင် အကျယ် ၁၂ပေ ထု မြေသား ၁ပေ ဗြုန်းကျောက် ကိုးလက်မခင်းခြင်းလုပ်ငန်း၊ ယင်းကုန်ထုတ်လမ်းပေါ်တွင် Boxculvert တံတားတစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၈၀ခန့်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးသွားပါက လယ်ယာမြေဧက ၁၇၀ကျော်မှလယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီ ရောက်ရှိတော့မည်ဖြစ်ကြောင်း မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်း ထံမှ သိရသည်။

 

ကုန်ထုတ်လမ်းနှင့် တံတားတည်ဆောက်နိုင်ရေးအတွက် မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်လင်းအောင် နှင့်ဝန်ထမ်းများက ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ယနေ့နံနက် ၁၀ နာရီက ကုန်ထုတ်လမ်းနှင့် တံတားတည်ဆောက်မည့် မြေပြင်အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးတိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ငြိမ်းသူ

 

mdn