ကော့ကရိတ် ၂၁ အောက်တိုဘာ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှရေကြီးနစ်မြုပ်မှု ဖြစ်ပွားပါက စိုက်ပျိုးရေး သီးနှံများ ထိခိုက်လွယ်သည့် အိမ်ထောင်စုများအား စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများနှင့် ကျန်းမာရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ရေပူကြီးကျေးရွာအုပ်စု၊ မိဂလုံကျေးရွာ အုပ်စုတို့တွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် ကော့ကရိတ်မြို့ ရေပူကြီး ကျေးရွာအုပ်စုမှ အိမ်ထောင်စု (၄၉)စု၊ မိဂလုံကျေးရွာအုပ်စုမှ အိမ်ထောင်စု (၅၄)စုတို့အား တစ်အိမ်ထောင်စုလျှင် မျိုးသန့်ပဲတီစိမ်း (ရေဆင်း၁၄) 15kg တစ်အိတ် ၊Compound(15:15:15)20kg တစ်အိတ်၊ ကိုဗစ်.၁၉ ကာလအတွင်း လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းများကို ကော့ကရိတ်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှုး ဦးအောင်နိုင် ၊FAOပြည်နယ် တာဝန်ခံ ဦးစပြည့်ဖြိုးအောင်နှင့် စိုက်ပျိုးရေးတာဝန်ခံများမှ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်မှုနှင့် ပတ်သက်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးအောင်နိုင်က ထောက်ပံ့ ပေးသည့်ပစ္စည်းများကို အကျိုးရှိစွာ အသုံးပြုရေး၊ ပဲတီစိမ်းအား GAP စနစ်ဖြင့် စိုက်ပျိုးရေးနှင့် FAO ပြည်နယ် တာဝန်ခံ ဦးပြည့်ဖြိုးအောင်က စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများ ထောက်ပံ့ပေးခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားကြသည်။ အဆိုပါ ထောက်ပံ့ပေးရာတွင် ကော့ကရိတ်မြို့နယ်တွင် ကျေးရွာအုပ်စု(၃၀)၊ အိမ်ထောင်စု (၁၁၆၆)စုကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ကျေးရွာအုပ်စု (၁၃)အုပ်စု၊ အိမ်ထောင်စု (၁၄၄)စုအား ထောက်ပံ့ပေးအပ်ထား ပြီးဖြစ်ကြောင်း သိရှိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)


