မန္တလေး ၂၀ အောက်တိုဘာ
မန္တလေးခရိုင်အတွင်းမှာ ကိုဗစ်ရောဂါ ပိုးတွေ့ရှိသူတွေနဲ့ ထိတွေ့ ဆက်နွယ်သူ များပြားလာသည့်အတွက် ပညာရေးကောလိပ်ကို ခုတင် (၁၆၀) ဆံ့ Quarantine Centerအဖြစ် တိုးချဲ့ ပြင်ဆင်သွားမည်ဟု သိရသည်။
ချမ်းအေးသာစံ မြို့နယ် ၆၅ လမ်း၊ ၃၂လမ်းနှင့် ၃၃ လမ်း အကြားမှာရှိသည့် ပညာရေးကောလိပ် (မန္တလေး) ဝန်းအတွင်းရှိ ညအိပ်အဆောင်သစ်ကို ခုတင် (၁၆၀) ဆံ့ Quarantine Centerအဖြစ် တိုးချဲ့ ပြင်ဆင်ထားရှိရန်အတွက် နေရာအခြေအနေတွေ၊ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မနေ့က(အောက်တိုဘာလ၂၀ရက်)က သွားရောက် ကြည့်ရှုခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
"ယခု ဆောင်ရွက်မယ့် စင်တာဟာ အတည်ပြုလူနာများနဲ့ ထိတွေ့ ဆက်စပ်မိသူတွေကို ထားရှိသွားဖို့ အတွက်ပါ၊ မန္တလေးခရိုင် အတွင်းမှာလည်း မြို့နယ်အလိုက် ရောဂါပိုး တွေ့ရှိသူတွေနဲ့ ထိတွေ့ ဆက်နွှယ် သူတွေ များပြားလာတဲ့ အတွက်ကြောင့်လည်း လိုအပ်ချက်အရ နေရာတွေ ရှာဖွေပြီး Quarantine Center တွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့စံချိန်စံညွှန်းနှင့် အညီ တိုးချဲ့ပြင်ဆင်မူ လုပ်ငန်းတွေကို စီမံ ဆောင်ရွက်ကြတာပါ"ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
အဆိုပါစင်တာ အတွင်းမှာ ပိုးတွေ့လူနာနှင့်ထိတွေ့ ဆက်စပ်သူ ဦးရေ ၁၆၀ ခန့် ထားရှိနိုင်မည့်နေရာ အခြေအနေ၊ အခန်းဖွဲ့စည်းပုံ၊ ကျန်းမာရေးသုံး ပစ္စည်းကိရိယာ၊ နေရာထိုင်ခင်း အစားအသောက်၊ လေဝင်လေထွက်နှင့် အဝင်အထွက် လမ်းများစနစ်တကျရှိရန် သန့်စင်ခန်းနှင့်ရေရရှိနိုင်မူ အခြေအနေများကို မန္တလေးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနိူင်းခဲ့ကြောင်း သိရသည်။
COVID-19ရောဂါကာကွယ်ရေးအတွက် မန္တလေးတိုင်းအနေဖြင့် အဆင်သင့်ပြင်ဆင်ထားပြီး ပြည်သူများ အနေဖြင့် စည်းကမ်းချက်များလိုက်နာပေးရန် ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားသည်။
ဖြိုးအိ


