၂၁ အောက်တိုဘာ
အမေရိကန်နိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့ကြားမှာ အမေရိကန်ပို့ကုန်အတွက် ဒေါ်လာ တစ်ဘီလီယံအထိ သုံးစွဲမယ်လို့ အင်္ဂါနေ့က နှစ်နိုင်ငံကြား သဘောတူညီခဲ့ပါတယ်။ အဲဒီလို သဘောတူညီခဲ့တဲ့အတွက် ဘရာဇီးနိုင်ငံအနေနဲ့ 5G နက်ဝက်တည်ဆောက်ရေးမှာ တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေးထုတ်ပစ္စည်းတွေ အသုံးမပြုရန်လိုအပ်ကြောင်း သိရပါတယ်။
အမေရိကန် တစ်ဘီလီယံ သဘောတူညီချက်ထဲမှာ ငွေကြေးချေးငှားမှု၊ ဘရာဇီးနိုင်ငံအား အမေရိကန်ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေပေးရေးတွေ ပါဝင်ကြောင်း သိရပါတယ်။ အထူးသဖြင့် 5G နက်ဝက်တည်ဆောက်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ကြောင်း သိရပါတယ်။ အဲဒီသဘောတူညီချက်ကို အမေရိကန် လုံခြုံရေးအကြံပေး ရောဘတ် အို ဘရိုင်ယန် ဘရာဇီးနိုင်ငံကို သွားရောက်စဉ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
သဘောတူညီတွင် လက်မှတ်ရေးထိုးအပြီး ဘရာဇီးသမ္မတက ဒေါ်နယ်ထရမ့်အား သမ္မတအဖြစ် ထပ်မံရွေးကောက်ခံဖို့ မျှော်လင့်ကြောင်းနဲ့ ထရမ့်ရဲ့ သမ္မတကျမ်းကျိန်ပွဲကို တက်ရောက်ခွင့်ရဖို့ မျှော်လင့်ကြောင်း ပြောကြားပါတယ်။
လက်တင်အမေရိကရဲ့ စီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်တဲ့ ဘရာဇီးနိုင်ငံတွင် လာမယ့်နှစ်မှာ မိုဘိုင်းနက်ဝက်ကို အဆင့်မြှင့်ဖို့ ရှိနေရာ 5G ဟာ အရေးပါတဲ့ ကိစ္စတစ်ခု ဖြစ်လာပါတယ်။
တရုတ်နိုင်ငံဟာ ဘရာဇီးရဲ့ ထိပ်တန်းစီးပွားဖက်ဖြစ်ပါတယ်။ ဟွာဝေးဟာ 5G နက်ဝက်တည်ဆောက်ရေးမှာ ဈေးချိုပြီး မြန်နှုန်းမြှင့် နည်းပညာကုမ္ပဏီအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ရဲ့ အစိုးရက ဟွာဝေးကုမ္ပဏီဟာ လုံခြုံရေးအတွက် စိုးရိမ်ရကြောင်းနဲ့ သတင်းအချက်အလက်တွေကို တရုတ်အစိုးရဆီကို ပေးတယ်လို့ စွပ်စွဲထားပါတယ်။
ဘရာဇီးနိုင်ငံ ဘရာစီးလီးယားရှိ တရုတ်သံရုံးက အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ လုံခြုံရေးအကြံပေးတို့ရဲ့ ပြောဆိုချက်တွေအပေါ် အမေရိကန်တို့က တရုတ်အား ယုံကြည်မှု ကျဆင်းအောင် လိမ်ညာနေကြောင်းနဲ့ တရုတ်နည်းပညာကုမ္ပဏီကို တိုက်ခိုက်မှုသာဖြစ်ကြောင်း ဒေါသတကြီး တုံ့ပြန်ပါတယ်။
မနေ့ကပဲ ဆွီဒင်နိုင်ငံကလည်း 5G နက်ဝက်တည်ဆောက်ရေးမှာ တရုတ်နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ ဟွာဝေးနဲ့ ZTE အသုံးမပြုရေး တားမြစ်လိုက်ပါတယ်။
MDN
ကိုးကား - AFP