၂၂ အောက်တိုဘာ
ဗြိတိန်ဆေးဝါး ကုမ္ပဏီဖြစ်သည့် အက်စထရာဇနီကာနှင့် အောက်စ့်ဖိုဒ်တက္ကသိုလ်မှ စမ်းသပ်လျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး၏ လက်တွေ့စမ်းသပ်မှု တစ်ခုအတွင်း စေတနာ့ဝန်ထမ်းတစ်ဉီး သေဆုံးခဲ့ကြောင်း ဘရာဇီးအစိုးရက ကြေညာခဲ့သည်။
အဆိုပါ စေတနာ့ဝန်ထမ်းမှာ ယခုလအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဘရာဇီး ကျန်းမာရေးဌာနမှ အာဏာပိုင်များက အောက်တိုဘာလ ၂၁ ရက်နေ့က ပြောကြားခဲ့သည်။
အာဏာပိုင်များ အနေဖြင့် နောက်ထပ် သတင်းအချက်အလက်များ အသေးစိတ် မဖော်ပြသော်လည်း စမ်းသပ်မှုများ ဆက်လက်ပြုလုပ်မည်ဟု ဆိုသည်။
အဆိုပါ စေတနာ့ဝန်ထမ်းသည် ဇူလိုင်လကတည်းက စတင်ပြုလုပ်သည့် လက်တွေ့စမ်းသပ်မှုတွင် ပါဝင်ခဲ့သည့် အသက် ၂၈ နှစ်အရွယ် ဆရာဝန်တစ်ဉီးဖြစ်ကြောင်း ဘရာဇီးမီဒီယာများက ပြောကြားခဲ့သည်။
အဆိုပါ စေတနာ့ဝန်ထမ်းသည် စက်တင်ဘာလအတွင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အရေးကြီးသော ဆေးဘက်ဆိုင်ရာ အဖြစ်အပျက်များ အားလုံးကို စမ်းသပ်မှု စုံစမ်းစစ်ဆေးသူများ၊ လွတ်လပ်သောလုံခြုံရေး စောင့်ကြည့်စစ်ဆေးရေး ကော်မတီနှင့် စည်းမျဉ်းအာဏာပိုင်များက ဂရုတစိုက်စောင့်ကြည့် အကဲဖြတ်လျက်ရှိကြောင်း အက်စထရာဇီနီကာ ကုမ္ပဏီက NHK သို့ ပြောကြားခဲ့သည်။
အဆိုပါ အကဲဖြတ်မှုများနှင့် ပတ်သက်ပြီး ဆက်လက် လေ့လာမှုများ ပြုလုပ်လျက်ရှိပြီး စိုးရိမ်ပူပန်မှုများလည်း မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂရုတစိုက် လေ့လာအကဲဖြတ်မှုသည် လက်တွေ့စမ်းသပ်မှု၏ လုံခြုံမှုနှင့် ပတ်သက်၍ မည်သည့်စိုးရိမ်မှုမှ မတွေ့ရှိခဲ့ရကြောင်း အောက်စ်ဖို့ဒ်တက္ကသိုလ်က ပြောကြားခဲ့သည်။
ဘရာဇီးနိုင်ငံတွင် ဇွန်လကတည်း မှစတင်ပြီး လူပေါင်း ၅၀၀၀ ကျော်ဖြင့် အဆိုပါ ကာကွယ်ဆေးကို လက်တွေ့ပါဝင် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်