ကလေး ၂၂ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးမြို့ ပင်လုံရပ်ကွက်အတွင်းရှိ ဗန္ဓုလလမ်း၊ ဥပုသ်ချောင်းပေါ်၌ အလျားပေ(၈၀)၊ အနံ(၁၈)ပေရှိ အခိုင်အမာသံကူကွန်ကရစ်တံတားတစ်စင်းတည်ဆောက်နိုင်ရေးအတွက် ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု၍ အဆိုပါ တံတား တည်ဆောက်မည့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် အဆိုပါတံတားသစ်တည်ဆောက်မည့် ချဉ်းကပ်လမ်းမြေနေရာ ၂၄ ပေ ဖြစ်ရန် လိုအပ်သည့်အတွက် (၂၄)ပေနှင့် မလွတ်ကင်းသည့် အိမ်ဝန်းပိုင်ရှင်တို့နှင့် ချဉ်းကပ်လမ်းမြေနေရာရရှိရေး ညှိနှိုင်းခဲ့ကြသည်။

 

ကလေးမြို့ ပင်လုံရပ်ကွက်အတွင်းစီးဆင်းနေသော ဥပုသ်ချောင်းသည် ဗိုလ်ချုပ်လမ်းနှင့် လမ်းမတော် အနောက်ဘက်ကြားမှ အရှေ့ဘက်သို့ တစ်မိုင်ခန့်နီးပါး အလျားလိုက်ဖြတ်သန်းစီးဆင်းနေသော ချောင်းဖြစ်ပြီး ဆိပ်ကမ်းသာ တံတားတစ်စင်းကိုသာ အသုံးပြုလျက်ရှိရာ တံတားအသစ် ထပ်မံတည်ဆောက်မည်ဆိုပါက ကျောင်းဆင်းချိန်တွင် ဆိပ်ကမ်းသာလမ်း၏ ယာဉ်ကျောပိတ်ဆို့မှုအား ဖြေလျော့နိုင်မည့်အပြင် ရပ်ကွက်နေ ပြည်သူများ ကျောင်းသားကျောင်းသူများ သွားလာရေးလွယ်ကူစေမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါတံတားတည်ဆောက်မည့် နေရာသည် ဥပုသ်ချောင်းအကွေ့အတွင်း တည်ရှိသော်လည်း လက်ရှိအချိန်တွင် ရေလမ်းကြောင်းတည်ငြိမ်နေပြီး ချောင်းတောင်ဘက် (လမ်းမတော်ဘက်)ခြမ်း၌ မြေထိန်းနံရံများ တည်ဆောက်ထားသဖြင့် ရေလမ်းကြောင်းပြောင်လဲမှု၊ ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်နိုင်သော အလားအလာနည်းပါးခြင်းကြောင့် အခိုင်အမာသံကူကွန်ကရစ်တံတားတည် ဆောက်ရန် လျာထားခြင်းဖြစ်သည်။

 

မြို့နယ်ပြန်/ဆက်