မိုးညှင်း ၂၂   အောက်တိုဘာ

 

မိုးညှင်းခရိုင်တစ်ခုလုံး အတိုင်းအတာအရ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၆၀)ကျော်ကြိုတင်ဆန္ဒမဲပေးမည့်သူပေါင်း ၄၄၁၄၆ ဦးရှိကြောင်း ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးထံမှ သိရသည်။

 

ခရိုင်အတွင်းရှိ Stay at home အစီအစဉ်တွင်အကျုံးဝင်သည့် မြို့နယ်များဖြစ်သည့် မိုးညှင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်များရှိ အသက်(၆၀)ကျော် သက်ကြီးဘိုးဘွားများကို ယခုလ ၂၉ ရက်မှ စတင်၍ နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်ဆန္ဒမဲများကို အိမ်တိုင်ရာရောက် လိုက်လံ ကောက်ယူသွားမည်ဖြစ်ပြီး မိုးကောင်းမြို့မှ အသက် (၆၀)ကျော်မဲဆန္ဒရှင်များကမူ ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်မတိုင်မီ (၂)ရက် ကြိုတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ ကိုယ်တိုင် သွားရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်မည် ဖြစ်သည်။

 

တစ်မြို့နယ်ချင်းအလိုက် အသက်(၆၀)ကျော် ကြိုတင်ဆန္ဒမဲပေးမည့်သူများမှာ မိုးညှင်းမြို့နယ်တွင် ၂၀၈၃၄ဦး ၊မိုးကောင်းမြို့နယ်တွင် ၁၂၅၂၆ ဦး၊ ဖားကန့်မြို့နယ်တွင်၁၀၇၈၆ဦးစီ ရှိကြောင်းနှင့် ခရိုင်တစ်ခုလုံးအနေဖြင့်  ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှုအရ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူပေါင်း ၄၂၄၈၉၅ ဦး ရှိကြောင်းသိရသည်။

 

ကျော်ကျော်ထွေး(ပြန်/ဆက်)