မောင်တော ၂၂ အောက်တိုဘာ
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်အတည်ပြုလူနာများအား မြို့နယ် ပြည်သူ့ ဆေးရုံ ၌ သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့ ရှိသူများ အနက်မှ ၇ ဦး မှာ ထပ်မံ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
မောင်တောပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအနက် ၇ ဦးမှာ ရောဂါပိုးကင်းစင် သဖြင့် အောက် တိုဘာ ၂၂ ရက် နံနက် ၁၁ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသူများအား တာဝန်ရှိသူများက ရောဂါပျောက်ကင်းကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး ဆေးရုံဆင်း လူနာများသည် မိမိနေအိမ်တွင် (၇) ရက် အသွားအလာကန့်သတ်ကာ သီးသန့် နေထိုင်ရမည်ဖြစ်ရာ ဆက်လက်ဆောင်ရွက်ရမည့် လမ်းညွန်ချက်များအားတိကျစွာ လိုက်နာကြဖို့ မှာ ကြားခဲ့သည်။
ဆေးရုံဆင်းခွင့်ရရှိသူများမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများဖြစ်ပြီး ဆေးရုံဆင်းခွင့်ရရှိသူများကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကရုဏာကွန်ရက်အဖွဲ့ တာဝန်ရှိသူများက နေအိမ်များသို့ လိုက်ပို့ပေးခဲ့ကြသည်။
ယခုအခါ မောင်တောမြို့တွင် ယနေ့ အောက်တိုဘာ (၂၂)ရက်နေ့ထိ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက်မှာ စုစုပေါင်း (၁၈၉) ဦးရှိပြီး လက်ရှိတွင် မောင်တောပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ အတည်ပြု လူနာ (၄၈) ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း ဒုခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ထံမှ သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)


