မန္တလေး ၂၂ အောက်တိုဘာ
ဧရာဝတီလင်းပိုင် မျိုးမသုဉ်းရေးအတွက် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး (၁)နှစ်စီမံချက် ဆောင်ရွက်လျက်ရှိရာ စီမံချက်ဒုတိယလ၏ ပထမ (၁၅)ရက်အတွင်း ရှော့တိုက်ငါးဖမ်းဆီးသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS Myanmar)မှ သိရသည်။
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး (၁)နှစ်စီမံချက် ဒုတိယလအဖြစ် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ အမှတ်(၁) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ၊ မန္တလေး၊ ဒေသခံ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အစုအဖွဲ့တို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စီမံချက်ဖြင့် လှည့်လည်စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ သဖန်းဒေါင့်ကျေးရွာအနီး ရှော့တိုက်ငါးဖမ်းဆီးသော စက်နှင့် ရှပ်တန်းပါလှေ ၁ စီးနှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း၊ အောက်တိုဘာ ၁၄ ရက်တွင် ကောက်ရိုးပုံ ကျေးရွာအထက်နှင့် မြွေတလိုင်းကျေးရွာ အနီးတို့တွင် ရှော့တိုက်ငါးဖမ်းဆီးသော စက်နှင့် ရှပ်တန်းပါလှေ ၂ စီးနှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း သိမ်းဆည်းရမိခဲ့၍ မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ ပေးပို့အပ်နှံခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး (၁)နှစ်စီမံချက်၏ ပထမရက်သတ္တပတ်အတွင်းကလည်း စုစုပေါင်း ရှော့တိုက်ငါးဖမ်းဆီးသော စက်နှင့် ရှပ်တန်းပါ လှေ (၆) စီး၊ ဘက်ထရီအိုး (၇) လုံး၊ ရှော့ပုံး (၅) လုံး၊ ရှော့ဂေါ်တံ (၉) ချောင်း သိမ်းဆည်းရမိခဲ့ပြီး ရှော့တိုက်ငါးဖမ်းဆီးသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူ (၂)ဦးကို မန္တလေးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေဖြင့် တရားစွဲဆိုခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS Myanmar)မှ သိရသည်။
ဖြိုးအိ