ဝန်းသို ၂၂ အောက်တိုဘာ
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆင်းရဲသောမိသားစုများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ကျေးရွာပေါင်း(၃၅)ရွာ၊ ယူနစ်ပေါင်း (၂၁)ယူနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင် ကျေးရွာများအနက် တပ်လွင်အုပ်စုအတွင်းရှိ တပ်လွင်ကျေးရွာ၊ ဆင်ကုန်းကျေးရွာ၊ ကျောက်တောကျေးရွာတို့တွင် တစ်ယူနစ်အတွက် ဆဋ္ဌမအကြိမ် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၄၃၆)သိန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဝန်ထမ်းများက ကျေးရွာအသီးသီးသို့ လက်ဝယ်အရောက် သွားရောက်ထုတ်ပေးရာတွင် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းကျေးရွာ (၃)ရွာတွင် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ(၇)ဦးကို ကျပ်သိန်း (၇၀)၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ (၄၄)ဦးကို ကျပ် (၃၅၆) သိန်း၊ အသေးစားရောင်းဝယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် (၁)ဦးကို ကျပ် (၁၀)သိန်း စုစုပေါင်း ကျပ် ၄၃၆ သိန်း ပြန်လည်ထုတ်ပေးခဲ့ရာတွင် တပ်လွင်ကျေးရွာမှ (၁၄)ဦး၊ ဆင်ကုန်းကျေးရွာမှ (၃၁)ဦး၊ ကျောက်တော ကျေးရွာမှ (၇)ဦး စုစုပေါင်းအိမ်ထောင်စု (၅၂)စုတို့ကို တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
မွှေးကြူဇင်


