နေပြည်တော် ၂၂ အောက်တိုဘာ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် Private Sector Growth and Competitiveness Project နှင့် စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ Country Director Ms. Mariam Sherman ဦးဆောင်သောအဖွဲ့နှင့် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက Private Sector Growth and Competitiveness Project အား အကောင်အထည်ဖော်ရေး ကမ္ဘာ့ဘဏ်၏ တင်ပြချက်ကို ကြိုဆိုပါကြောင်း၊ လတ်တလောတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် MSMEs များမှာ များစွာ ထိခိုက်လျက်ရှိပါကြောင်း၊ အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနမှ ဆောင်ရွက်နေသည့် National Single Window အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များအား မြှင့်တင်ပေးခြင်းဖြင့် ကုန်သွယ်မှုလုပ်ငန်းစဉ်များ ပိုမိုလွယ်ကူချောမွေ့စေပြီး ဒေသတွင်း နိုင်ငံများနှင့် ကုန်သွယ်မှု ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် MSMEs လုပ်ငန်းများ၏ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများအား မြှင့်တင်ပေးခြင်းနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ထုတ်ကုန်များအား ဈေးကွက်အသစ်များနှင့် ချိတ်ဆက်၍ Supply Chain လျင်မြန်သွက်လက်စေခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ထူထောင်မှုလုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ပါကြောင်းနှင့် ဆက်လက်ဆွေးနွေးကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကမ္ဘာ့ဘဏ်မှ Senior Economist Mr. Faya Hayati နှင့် Lead Private Sector Specialist Mr. Philippe de Meneval တို့က စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ အကောက်ခွန်လုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များ၊ SMEs လုပ်ငန်းများအတွက် အတွေ့အကြုံနှင့် နည်းပညာများ ပံ့ပိုးပေးရေးနှင့် ဈေးကွက်ရှာဖွေရေးဆိုင်ရာ ကိစ္စရပ်များ အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းဧရိယာများနှင့် လုပ်ငန်းစဉ်များအတွက် ကမ္ဘာ့ဘဏ်မှ အတိုးနှုန်းသက်သာသော ချေးငွေဖြင့် ပံ့ပိုးမည့်ကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ တရားမဝင် ကုန်သွယ်မှုများ လျော့နည်းပပျောက်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဆိုပါစီမံကိန်းကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက များစွာအကျိုးရှိ နိုင်မည်ဖြစ်သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင်နှင့် ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်နှင့် ဌာနဆိုင်ရာအရာရှိကြီးများ၊ ကမ္ဘာ့ဘဏ်မှ Country Director Ms. Mariam Sherman ဦးဆောင်သောအဖွဲ့မှ ပညာရှင်နှင့် ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


