နေပြည်တော် ၂၂ အောက်တိုဘာ
ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး (၈)ရုံးတို့မှ ပေးပို့လာသော ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ်များ ပါဝင်သည့် ချိတ်ပိတ်ထားသော သံတမန်ချောအိတ်များအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။
အဆိုပါ ရုံး(၈)ရုံးတို့မှ ပြန်လည်ပေးပို့လာသည့် ချိပ်ပိတ်ထားသော ဆန္ဒပြုပြီးမဲလက်မှတ်များပါဝင်သည့် အထုပ်များကို ယနေ့နံနက် ၆ နာရီတွင် လုံခြုံရေးအစောင့်အရှောက်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)မှ ဌာနပိုင်ယာဉ်ဖြင့် စတင်ပို့ဆောင်ခဲ့ရာ ရန်ကုန်-နေပြည်တော် အမြန်လမ်းမှတစ်ဆင့် နေပြည်တော်အဝင် Toll Gate သို့ နံနက် ၁၁ နာရီတွင် ရောက်ရှိခဲ့သည်။ ၎င်းဆန္ဒမဲ လက်မှတ်ပါအထုပ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးဝင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးထံသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ စနစ်တကျ ချက်ချင်းလွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။
နိုင်ငံပြင်ပသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် မဲရုံနှင့် မဲရုံခွဲများ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လာရာ အောက်တိုဘာ ၁၄ ရက်တွင် ရုံး(၄)ရုံးတို့မှ ဆန္ဒမဲလက်မှတ်များကို လည်းကောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် ရုံး(၂)ရုံးတို့မှ ဆန္ဒမဲလက်မှတ်များကိုလည်းကောင်း၊ အောက်တိုဘာ ၁၉ ရက်တွင် ရုံး(၂၈)ရုံးတို့မှ ဆန္ဒမဲလက်မှတ်များကိုလည်းကောင်း၊ ယနေ့တွင် ရုံး(၈)ရုံးတို့မှ ဆန္ဒမဲလက်မှတ်များကိုလည်းကောင်း လက်ခံရရှိခဲ့သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အဆိုပါ နေ့ရက်များ၌ပင် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီး ယခုအချိန်အထိ ရုံး (၄၂) ရုံးတို့မှ ကြိုတင်ဆန္ဒမဲ လက်မှတ်များအား စနစ်တကျ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
ကျန်ရှိသည့် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲ လက်မှတ်များပေးပို့လာပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ စနစ်တကျ လွှဲပြောင်းပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


