mdn

ရန်ကုန် ၂၂ အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်နေသော ကိုဗစ်-၁၉ ရောဂါ ဓါတ်ခွဲနမူနာ Swab ရယူသည့်လုပ်ငန်းများနှင့် test kit အသုံးပြု၍ ရောဂါရှာဖွေ စစ်ဆေးသည့်လုပ်ငန်းများ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် Zeya & Associates Co., Ltd က ကွန်တိန်နာဖြင့် ပြုလုပ်ထားသည့် Swab Testing Modular House နှစ်လုံးကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပေးအပ်လှူဒါန်းသည်။

 

Zeya & Associates Co., Ltd မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျသူရမွန်ကကိုဗစ်-၁၉ရောဂါ ဖြစ်စကတည်း ကျန်းမာရေးဌာနကို လိုအပ်တာတွေ လှူဒါန်းခဲ့ပါတယ်။ ကွန်တိန်နာတွေက ကျွန်တော်တို့ စက်ရုံမှာ သုံးနေတယ်။ ပထမဆုံး ကွန်တိန်နာတစ်လုံးကို ဓာတ်ခွဲနမူနာ ယူတဲ့အခါသုံးဖို့ စက်ရုံကလှူလိုက်တယ်။ အဲဒီလို ကွန်တိန်နာတွေ ထပ်ရောက်လာတဲ့အတွက် ထပ်လှူဖြစ်တာပါ။ ကွန်တိန်နာတွေလှူဖို့ ကျန်းမာရေးဌာနကို တင်ပြတဲ့အခါ ဒီဆေးရုံက အသင့်လျော်ဆုံးပဲဆိုပြီး ဒီမှာ ပထမဆုံးလှူဖြစ်တာပါ။ ကုမ္ပဏီအနေနဲ့ ကိုဗစ်-၁၉ ရောဂါ စဖြစ်ကတည်းက လှူဒါန်းလာတာ သိန်း (၅၀၀၀)ကျော်ရှိသွားပါပြီဟု ပြောကြားသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ များလာသည့်အတွက် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ဆေးရုံများတွင် ရောဂါရှာဖွေ စစ်ဆေးသည့်လုပ်ငန်းများ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန် ကွန်တိန်နာဖြင့် ပြုလုပ်ထားသည့် Swab Testing Modular House များကို ဆက်လက်စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ကအခု Antigen Test Kits တွေနဲ့ ဗဟိုဆေးရုံကြီးတွေနဲ့ မြို့နယ်ဆေးရုံတွေမှာ စစ်ဆေးပေးဖို့ ညွန်ကြားထားတာရှိပါတယ်။ ရန်ကုန်တိုင်းထဲမှာဆိုရင် မြို့နယ်ဆေးရုံ (၂၂) ရုံ ရှိပါတယ်။ ဒီလုပ်ငန်းစဉ်တွေ အလျင်အမြန် လုပ်ဆောင်ဖို့ လိုအပ်လာတဲ့အတွက် လွယ်ကူလျင်မြန်တဲ့ နည်းစနစ် တစ်ခုဖြစ်တဲ့ ကွန်တိန်နာတွေထဲမှာ facility တွေထည့်သွင်းပြီး Swab ယူတဲ့လုပ်ငန်း၊ စစ်ဆေးတဲ့ လုပ်ငန်းတွေ လုပ်ဖို့ဖြစ်လာတာပါ။ ကွန်တိန်နာထဲမှာ Swab ယူတဲ့လုပ်ငန်း၊ စစ်ဆေးတဲ့ လုပ်ငန်းတွေလုပ်တဲ့အတွက် ပြင်ပနဲ့ ထိတွေ့မှုနည်းတယ်။ စနစ်တကျ လုပ်ထားတဲ့အတွက် Swab ယူတဲ့သူတွေ Test လုပ်တဲ့သူတွေ အတွက်လည်း အန္တရာယ်ပိုကင်းတယ်။ ဒီလိုအားသာချက်ရှိတယ်။ ကွန်တိန်နာထဲမှာ အဲယားကွန်း တပ်ဆင်ပေးထားတဲ့အတွက် PPE ဝတ်စုံဝတ်တဲ့သူတွေ အလုပ်လုပ်တဲ့အခါ သက်တောင့်သက်သာ ဖြစ်စေပါတယ်ဟု ပြောကြားသည်။

 

ကွန်တိန်နာဖြင့် ပြုလုပ်ထားသည့် Swab Testing Modular House နှစ်လုံးကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တပ်ဆင်ထားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စစ်ဆေးပေးရန် ညွန်ကြားထားသူများ၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ပြည်သူ့ဆေးရုံသို့ နှာချေ၊ ချောင်းဆိုး၊ ဖျားနာ၊ အနံ့ပျောက်၍ လာရောက်ပြသသူများအား ဓါတ်ခွဲနမူနာရယူကာ ရောဂါရှာဖွေ စစ်ဆေးသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA)